ပန်းပွင့်လေးတို့ရဲ့ ကျန်းမာရေး အစွမ်းသတ္တိတွေ

ပန်းပွင့်လေးတို့ရဲ့ ကျန်းမာရေး အစွမ်းသတ္တိတွေ

ရေးသားသူ Ye Zon Aung
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

စာရေးဆရာကြီး H.C. အန်ဒါဆင်က ဖွဲ့နွဲ့ရေးသားခဲ့ဖူးပါတယ်။ “ဘဝဆိုတာ အသက်ရှင်နေထိုင်နေရုံနဲ့တော့ မလုံလောက်ပါဘူး။ နေရောင်ခြည်လေး၊ လွတ်လပ်မှုလေးတွေအပြင် ပန်းလှလှလေးတွေနဲ့ ချယ်သထားမှ ပိုပြီးနေ ပျော်ဖွယ်ကောင်းမှာပေါ့” တဲ့။

ပန်းလေးတွေရဲ့ အလှတရားဟာ သမိုင်းအဆက်ဆက်မှာ လူတွေရဲ့ စိတ်နှလုံးကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီအလှတရားတွေကြောင့်ပဲ လူတွေရဲ့ နှစ်သက်မြတ်နိုးမှုကို ရယူနိုင်ခဲ့သလို ပျော်ရွှင်မှု၊ ငြိမ်းချမ်း မှု တွေရဲ့ သင်္ကေတတစ်ခုအဖြစ်လည်း တင်စားခံခဲ့ရတယ်မဟုတ်လား။

လှပမွှေးမြတဲ့ ပန်းလေးတွေဟာ လူတွေရဲ့ စိတ်နှလုံးကို ချမ်းမြေ့စေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုရင်တော့ မဟုတ်ပါဘူး။ သိပ္ပံနည်းကျ လေ့လာချက်တွေအရ ပြောပြရမယ်ဆိုရင် ပန်းမာန်လှလှလေးတွေကို စိုက်ပျိုးတာ၊ နေအိမ် မှာ အလှဆင်တာ၊ ဘုရားပန်းတင်တာနဲ့ ကိုယ့်အနီးနားမှာ ထားပြီး မကြာခန ကြည့်ရှုပေးတာဟာ ပျော်ရွှင်မှုကိုသာမက ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကိုပါပေးစွမ်းနိုင်ပါတယ်တဲ့။

ခေါင်ရမ်းပန်း (Hibiscus) ၊ ဒုဓလီပန်း (Dandelion) ၊ လာဗန်ဒါ (Lavender) ၊ ဟန်နီဆက်ကယ် (Honeysuckle) ၊ တောင်ကြာ (Nasturtium) ၊ ဘိုးရေ့ဂ် (Borage) ၊ နှင်းဆီ (Rose) ၊ ပေါင်ဒါပန်း (Pansy) ၊ ကာမိုမိုင်းလ် ပန်း (Chamomile) စတဲ့ပန်းတွေဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ပန်းတွေအဖြစ် လူသိများပါတယ်။ ပန်းလေးတွေက လူတွေကို ဘယ်လို အကျိုးကျေးဇူးတွေ ဆောင်ယူလာပေးလဲ? တော်တော်များများ သိချင်ကြ မယ်ထင်ပါတယ်။ ကြည့်ရအောင်။

၁။ စိတ်ဖိစီးမှုကို လျှော့ကျစေတယ် – တကယ်လို့ ကိုယ့်ရဲ့ ချစ်ဇနီးက စိတ်ညစ်နေတယ်ဆိုပါတော့။ ပန်းစည်းလေးတစ်စည်း ပေးလိုက်တာဟာ သူ့ရဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေ၊ စိတ်ဖိစီးမှုတွေကို လျှော့ကျသွားစေဖို့ အ ထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ လှပပြီး မွှေးမြတဲ့ ပန်းလေးတွေကို မြင်တွေ့ရချိန်မှာ စိတ်ဖိစီးမှု ၁ ဆ ခွဲလောက် လျော့ကျသွားလေ့ရှိပါတယ်တဲ့။ ဒီကနေ့ ကမ္ဘာပေါ်မှာ အပတ်စဉ် စိတ်ဖိစီးမှုဝေဒနာ ခံစားရသူ အရေအတွက် ဟာ လူ ၁၀၀ မှာ ၆၈ ယောက်နှုန်းရှိပြီး နေ့စဉ် စိတ်ဖိစီးမှုဝေဒနာ ခံစားနေရသူကတော့ လူ ၁၀၀ မှာ ၃၂ ဦးနှုန်းဖြစ်ပါတယ်တဲ့။ လူ ၄ ယောက်မှာ ၁ ယောက်ဟာ နေ့စဉ် စိတ်ဖိစီးမှု ၁ ကြိမ်ထက်ပိုပြီး ခံစားရလေ့ရှိပါတယ်တဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလောက် စိတ်ဖိစီးမှုဝေဒနာ ခံစားနေရတဲ့သူတွေ ရှိနေချိန်မှာ သူတို့အတွက် ပန်းစည်းလေးတစ်စီး ပန်းလေးတစ်ပွင့်လောက်နဲ့ ဘာကြောင့် မဖြည့်ဆည်းပေးနိုင်ရမှာလဲလေနော်။

၂။ စိတ်အားတက်ကြွစေမယ် – ပန်းလေးတွေဟာ လူတွေကို ပျော်ရွှင်ကြည်နူးလာအောင်၊ လန်းဆန်းလာအောင် တွန်းအားပေးနိုင်ပါတယ်။ ဒီစိတ်ခံစားချက်ဟာ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး တက်ကြွမှုလည်း ရှိစေပါတယ်။ ဒါကြောင့်လဲ ပန်းတွေနဲ့ နီးနီးကပ်ကပ်နေရသူ၊ ပန်းစည်းမကြာခန လက်ဆောင်ရတတ်သူတွေဟာ ပိုပြီး နွေးထွေးမှု၊ တက်ကြွမှုရှိနေတတ်တာဖြစ်ပါတယ်။

၃။ ပန်းတွေဟာ မိန်းမတွေအတွက်ပဲ မဟုတ်ပါဘူး – ပန်းဆိုတာနဲ့ အမျိုးသမီးတွေနဲ့သာ တွဲဖက်ပြီး မြင်ယောင်ကြည့်ကြလေ့ရှိပါတယ်။ ပန်းစည်းကို လက်ခံခွင့်ရတဲ့လူတိုင်းဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးလို့ လူတွေက ယုံကြည်နေတတ်ကြတယ်။ ဒါဟာ မှားယွင်းတဲ့ ယူဆချက်တစ်ခုဖြစ်ပါတယ်။ တကယ်တော့ ပန်းမာန်တွေဟာ ကမ္ဘာလောကကြီးပေါ်က သက်ရှိအတိုင်းအတွက် ဖြစ်ပါတယ်။ ယောင်္ကျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ်ပါ ပန်းမာန်တွေကြောင့် ကျန်းမာတာ၊ ပျော်ရွှင်တာစတဲ့ အကျိုးကျေးဇူးတွေကို ခံစားရတာခြင်းကတော့ အတူတူပါပဲ။

၄။ ဆက်ဆံရေးတွေကို ကောင်းမွန်စေတယ် – ပန်းတွေနဲ့ နီးနီးမှာ နေသူတွေဟာ ဆက်ဆံရေးပိုခိုင်မြဲတတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကူအညီဖြစ်တယ်၊ နီးစပ်မှုရှိတယ်ဆိုတဲ့ ခံစားချက်မျိုးကို ပေးလေ့ရှိပါတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုးမှု၊ အလေးထားမှုတွေကို ပြသဖို့ ပန်းစည်းတွေ၊ ပန်းတွေ လက်ဆောင်ပေးကြတာဖြစ်ပါတယ်။ ပန်းစည်းလက်ဆောင်ပေးတာဟာ ရိုမန်တစ်ဆန်ရုံသက်သက်မဟုတ်ဘူးဆိုတာ သိနားလည်ထားဖို့ လိုအပ်ပါတယ်။

၅။ မှတ်ဉာဏ်ကို ကောင်းမွန်စေတယ် – ပန်းလေးတွေဟာ လူတွေရဲ့ မှတ်ဉာဏ်စနစ်ကို အကျိုးပြုပါတယ်။ အထူးသဖြင့် အသက် ၅၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေဟာ ပန်းတွေနဲ့ နီးနီးစပ်စပ် ပိုနေပေးဖို့ သင့်ပါတယ်။ ပန်းလေးတွေကနေ ထွက်ရှိတဲ့ ဓာတုဗေဒအမှုန်တွေဟာ လူတွေကို စိတ်ခံစားချက်ပိုကောင်းစေပြီး ဦးနှောက်ကို လန်းဆန်းစေတာကြောင့်ဖြစ်ပါတယ်။ ပန်းပင်လေးတွေ စိုက်ပျိုးတတ်တဲ့၊ မိတ်ဆွေတွေ ချစ်ခင်ရသူတွေဆီကနေ ပန်းလက်ဆောင်ပုံမှန်ရတတ်တဲ့၊ အိမ်မှာ ပန်းတွေနဲ့ အလှဆင်တတ်တဲ့ လူကြီးတွေဟာ သာမန်သက်တူရွယ်တူ လူကြီးတွေထက် မှတ်ဉာဏ်ပိုကောင်းလေ့ရှိတာကို လေ့လာချက်တွေက ဖော်ထုတ်ထားပါတယ်။

၆။ ကောင်းမွန်စွာ အိပ်ပျော်စေတယ် – ပန်းပွင့်လှလှလေးတွေဆီကနေ ရရှိနိုင်တဲ့ တခြား အကျိုးကျေးဇူးတစ်ခုကတော့ အေးချမ်းမှုနဲ့ ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်းတွေ ဖြစ်ပါတယ်။ အထူးသဖြင့် လာဗန်ဒါလိုပန်းမျိုးတွေကို အိပ်စက်ခြင်းဆိုင်ရာ ပြဿနာရှိသူတွေအပေါ် ကုသရာမှာ ခေတ်အဆက်ဆက် အသုံးချခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ မအိပ်ခင်မှာ ပန်းတွေကို ကြည့်တာမျိုး၊ အိပ်ခန်းထဲမှာ ပန်းအိုးထားတာမျိုးတွေ ပြုလုပ်ဖို့ တိုက်တွန်းကြပါတယ်။

၇။ ရောဂါသက်သာနှုန်း မြန်ဆန်စေတယ် – အံ့အားသင့်စရာကောင်းတဲ့အချက်ကတော့ ပန်းတွေဟာ လူတွေရဲ့ ရုပ်ပိုင်ဆိုင်ရာ အခြေအနေတွေအပေါ်ကိုပါ သက်ရောက်နိုင်တာပါပဲ။ ဥပမာပြောရရင် ဆေးရုံတက်နေရတဲ့ လူနာတွေထဲမှာ ပန်းအိုးရှိတဲ့အခန်းမှာ တက်ရတဲ့သူတွေဟာ ပန်းအိုးမရှိတဲ့အခန်းမှာ တက်ရတဲ့သူတွေထက် ရောဂါပျောက်ကင်းနှုန်း ပိုမိုမြန်ဆန်ပါတယ်။ ပန်းတွေဟာ လူတွေရဲ့ နာကျင်မှု၊ ပူပင်သောက၊ စိတ်ဖိစီးမှု၊ သွေးဖိအားနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို လျှော့ချပေးနိုင်တာမို့ လူနာတွေဟာ ပိုပြီး လျှင်လျှင်မြန်မြန်သက်သာလာစေဖို့ တွန်းအားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ဆေးရုံတက်နေရသူတွေအတွက် ပန်းစည်းတွေ လက်ဆောင်ပေးကြတာဖြစ်ပါတယ်။

၈။ လိင်စိတ်ကို နှိုးဆွပေးနိုင်တယ် – ပန်းတွေနဲ့ လိင်ကိစ္စတွေဆိုတာ သမိုင်းတွေ၊ ဒဏ္ဍာရီတွေ၊ ရုပ်ရှင်နဲ့ စိတ်ကူးယာဉ်အနုပညာဖန်တီးချက်တွေတိုင်းမှာ ဒွန်တွဲနေတဲ့အရာတွေဖြစ်ပါတယ်။ ယောင်္ကျားတွေက မိန်းမတွေကို ပန်းပွင့်၊ ပန်းစည်းတွေပေးကြရာမှာ ရိုမန်တစ်ဆန်တာ၊ ချစ်ခင်နှစ်သက်မှုကို ပြသတာတွေအပြင် နောက်ထပ် ရည်မှန်းချက်တစ်ခုက လိင်ပိုင်းဆိုင်ရာအရ ဆွဲဆောင်တာလည်း ပါဝင်နေပါတယ်။ လေ့လာချက်တွေအရ ပန်းတွေရှိတဲ့အခန်းထဲမှာ ထိုင်နေတဲ့ ယောင်္ကျားမျိုးဟာ သာမန်အခန်းထဲမှာ ထိုင်နေတဲ့ ယောင်္ကျားတွေထက်ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ မိန်းမတွေက ယူဆတတ်ကြပါတယ်။ နောက်ပြီး ကိုယ်ချစ်ခင်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက်ဆီကနေ ဖုန်းနံပါတ်တို့ ဆိုရှယ်မီဒီယာအကောင့်တို့ တောင်းတဲ့အခါမျိုးမှာ တခြားနေရာမှာ တောင်းတာထက် ပန်းဆိုင်ရှေ့ ဒါမှမဟုတ် ပန်းခင်းရှေ့တွေမှာတောင်းတာက အမှန်အတိုင်းရနိုင်ချေ ၁၀% ပိုများတယ်လို့ဆိုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly