ဂရိကမ်းလွန်တွင် လှေများနစ်မြှုပ်သောကြောင့် ဒုက္ခသည် ၂၁ယောက် သေဆုံး

ဂရိကမ်းလွန်တွင် လှေများနစ်မြှုပ်သောကြောင့် ဒုက္ခသည် ၂၁ယောက် သေဆုံး

အေသင်၊ အောက်တိုဘာ-၃၀ ။                ။ ဂရိအာဏာပိုင်များ၏ ပြောကြားချက်အရ အရှေ့ပိုင်း အာဂျင်ပင်လယ်အတွင်း တူရကီမှ ဂရိသို့အသွား လမ်းခုလတ်တွင် လှေများ တိမ်းမှောက် သွားသောကြောင့် ဒုက္ခသည် ၂၁ယောက်ခန့် ရေနစ်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ဂရိကျွန်း ကာလင်နော့စ်ကမ်းလွန်တွင် အောက်တိုဘာလ နံနက်စောပိုင်းက လှေနစ်မြှုပ်သွားခဲ့ပြီးနောက် လူ၁၈ယောက်မှာ သေဆုံးသွားခဲ့ပြီး အခြား ၁၃၈ယောက်ကိုမူ ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုနေ့နံနက်စောပိုင်းတွင်ပင် ရိုဒီးကျွန်းအနီးတွင် ဒုတိယလှေတစ်စင်း ထပ်မံတိမ်းမှောက်သွားခဲ့ရာ လူ၃ဦးသေဆုံးခဲ့ပြိး အခြား၆ယောက်ကိုမူ ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

တူရကီမှ ဥရောပသို့ အန္တရာယ်များလှသည့် လှေခရီးများတွင် ဒုက္ခသည်အမြောက်အများ သေဆုံးခဲ့ကြရပြီဖြစ်သည်။

အောက်တိုဘာလ ၂၉ရက်နေ့ကလည်း ဂရိအနီး ပင်လယ်ပြင်ထဲတွင် လှေ၄စီး တိမ်းမှောက်သွားခဲ့သောကြောင့် ဒုက္ခသည် ၁၀ယောက် ရေနစ်သေဆုံးခဲ့ရပြီး ၂၀၀ခန့်ကို ကယ်တင်ခဲ့ရသည်ဟု ဆိုသည်။

အစောပိုင်းက ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဖရင့် ဝေါ်လ်တာ စတိန်းမီးရာက ဂရိမြို့တော် အေသင်သို့ အလည်အပတ်ရောက်ရှိလာခဲ့ရာတွင် ဂရိကို နောက်ထပ်ကူညီဦးမည်ဟု ကတိပြုသွားခဲ့သည်။

‘ဂရိက စီးပွားရေးနာလံထူဖို့ ကြိုးစားနေရတဲ့ အခုလိုအချိန်မျိုးမှာ အလုံးအရင်းနဲ့ ဝင်လာနေတဲ့ ဒုက္ခသည်တွေဟာ လွန်ကဲတဲ့ ဝန်ထုပ်ဝန်ပိုးပါပဲ’’ဟု ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags