ဗိုလ်ချုပ်မှူးကြီးကို သိက္ခာချသည်ဟု စွပ်စွဲ ခံရသူ အသရေဖျက်မှု ထပ်တိုးစွဲဆိုခံရ

ဗိုလ်ချုပ်မှူးကြီးကို သိက္ခာချသည်ဟု စွပ်စွဲ ခံရသူ အသရေဖျက်မှု ထပ်တိုးစွဲဆိုခံရ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို သိက္ခာ ကျဆင်းဆောင် အင်တာနက် လူမှုကွန်ယက်ပေါ်တွင် ဖြန့်ဝေသည်ဟု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသူ မချောစန္ဒီထွန်းကို မအူပင် တရာရုံးတွင် အောက်တိုဘာ ၂၇ ရက်က ရုံးထုတ်စစ်ဆေးရာတွင် အသရေဖျက်မှုဖြင့် ထပ်တိုးတရားစွဲဆိုထားသည်ဟု မဇ္ဈိမ သတင်းထောက်က ပေးပို့သည်။

မချောစန္ဒီထွန်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝတ်ဆင်ထားသည့် အစိမ်းနုရောင် တပ်မတော် ဝတ်စုံနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်ထားသည့် အစိမ်းရောင် လုံခြည်တို့ကို ယှဉ်တွဲလျက် လူမှုကွန်ယက် စာမျက်နှာတွင် ဖေါ်ပြခဲ့ခြင်းဖြစ်သည်။

ပုံပါစာတွင် “အဲသလောက် အမေ့ကို ချစ်ကြရင်လဲ အမေ့ထဘီစ ခေါင်းမှာ ပတ်ထား ပါတော့လား ဗျာ”ဟု ရေးသား ဖေါ်ပြထားခဲ့သည်။ ယင်းနောက် အောက်တိုဘာ ၁၂ရက်၊ ည ၇နာရီ အချိန် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဒု-ဗိုလ်မှူးကြီး ကျော်ထင်က မအူပင်ရဲစခန်းတွင် မချောစန္ဒီထွန်းကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၄(ဃ) (ပ) ၂၉၄/၂၀၁၅ ဖြင့် တိုင်ချက်ဖွင့် ခံခဲ့ရသည်။

အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက် နစ်နာစေရန်၊ ဂုဏ်သိက္ခာကျစေရန် သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်းကြောင့် အရေးယူပေးရန် ဒု ဗိုလ်မှူးကြီး ကျော်ထင်က တိုင်ကြားခြင်းဟုလည်း ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။

 မချောစန္ဒီထွန်းကို အောက်တိုဘာ ၁၂ ရက်တွင် ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၁၃ ရက်တွင် ချက်ချင်း ရုံးထုတ်စစ်ဆေးခဲ့သည်။ အောက်တိုဘာ ၂၇ ရက်တွင်မူ အသရေဖျက်မှု ပုဒ်မ ၅၀၀ ထပ်တိုး စွဲဆို ခံထားရခြင်းဖြစ်သည်။

အီလက်ထရွန်နစ် ဥပဒပုဒ်မ ၃၄(ဃ)တွင် အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးဦးကို၊ ထိခိုက်နစ်နာ စေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဖြစ်စေ၊ သတင်း အချက်အလက်ကို အီလက်ထရောနစ် နည်းပညာ ဖြင့်ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် သတင်းအချက်အလက်ကို ဖြန့်ချိခြင်းဟု ပြဌာန်းထားသည်။

အဆိုပါ ဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၂၀၀၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ၂၀၁၄ ခုနှစ် အရောက်တွင်မူ အဆိုပါ ဥပဒေကို ပြန်လည် ပြင်ဆင်လိုက်ပြီး ပုဒ်မ ၃၃ တွင်ပါရှိသော “အနည်းဆုံး ၇ နှစ်မှ အများဆုံး ၁၅ နှစ်အထိ” ဆိုသည့် စကားရပ် အစား “အနည်းဆုံး ငါးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ” ဟု ပြန်လည် ပြောင်းလဲခဲ့သည်။

ဥပဒေ ပုဒ်မ ၃၄ တွင်ပါရှိသော “ထောင်ဒဏ် ၅ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” ဆိုသည့် စကားရပ်အစား “ငွေဒဏ်ကျပ်သိန်း ငါးဆယ်မှ ကျပ်သိန်း တစ်ရာအထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင် ပါက ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည်” ဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

အဆိုပါ ဥပဒေဖြင့် အနုပညာရှင် ဦးသူရ ခေါ် ဇာဂနာ၊ ဘလော့ဂါ ကိုနေဘုန်းလတ်၊ ၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်တို့ အပါအဝင် နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly