ကိုယ်ဝန်ဆောင်နဲ့ အိပ်ချ်အိုင်ဗီ (HIV)

ကိုယ်ဝန်ဆောင်နဲ့ အိပ်ချ်အိုင်ဗီ (HIV)

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အိပ်ချ်အိုင်ဗီ(HIV)ရောဂါပိုးရှိတဲ့ အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ဆောင်ထားချိန်မှာဖြစ်ဖြစ်၊ ကလေးမွေးချိန်မှာဖြစ်ဖြစ်၊ မိခင်နို့တိုက်ကျွေးနေချိန်မှာဖြစ်ဖြစ် ကလေးကိုရောဂါပိုးကူးစက်သွားနိုင်ပါတယ်။ ဒီလိုကူးစက်မှုကို perinatal transmission လို့ခေါ်ပြီး ကလေးငယ်တွေ အိပ်ချ်အိုင်ဗီ(HIV)ပိုးကူးစက်ခံရတဲ့ အဓိကအကြောင်းအရင်းလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်တော့ Hello Sayarwon စာဖတ်ပရိတ်သတ်တွေအတွက် အိပ်ချ်အိုင်ဗီ(HIV) ပိုးရှိတဲ့အမျိုးသမီးတွေ ကလေးမွေးဖွားတာနဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေ  နည်းနည်းလောက်ပြောပြချင်ပါတယ်။

အကယ်၍ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ အကြောင်းကြောင်းကြောင့် HIV ပိုးကူးစက်ခံထားရတယ်ဆိုကြပါစို့။ ရောဂါပိုးရှိတာကိုသိရဲ့သားနဲ့ဖြစ်ဖြစ်၊ မသိသေးလို့ပဲဖြစ်ဖြစ် ဘာကုသမှုမှမခံယူထားဘဲ ကလေးမွေးဖွားခဲ့မယ်ဆိုရင် မွေးလာတဲ့ကလေးငယ်ကို HIV ပိုးကူးစက်နိုင်ချေ ၁၅% ကနေ ၄၅% အထိတောင်ရှိတာကိုတွေ့ရပါတယ်။ တကယ်လို့ မိခင်က HIV ပိုးရှိမှန်းသိလို့ လိုအပ်တဲ့ဆေးတွေသောက်မယ်၊ သေသေချာချာကုသမှုခံယူထားမယ်ဆိုရင် ပိုးကူးစက်နိုင်ခြေက ၅% အောက်အထိ ကျဆင်းသွားပါလိမ့်မယ်။ ကောင်းပြီ၊ ဒါဆို ဘယ်လိုပြင်ဆင်မှု၊ ကုသမှုတွေလုပ်ကြမလဲ?

ကလေးယူဖို့စဉ်းစားနေတဲ့ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ထားရတဲ့အမျိုးသမီးတိုင်း HIV ပိုးရှိမရှိစမ်းသပ်စစ်ဆေးမှုခံယူသင့်ပါတယ်။ လင်မယား ၂ ယောက်စလုံးစစ်ရင်ပိုကောင်းပါတယ်။ နည်းပညာတွေရဲ့ အဆင့်မြင့်လာမှုကြောင့် အခုဆို သွေးစစ်ပြီးမိနစ်ပိုင်းနဲ့တင် ရောဂါပိုးရှိမရှိသိနိုင်နေပါပြီ။

တကယ်တော့ မိခင်ကနေ ကလေးဆီ HIV ပိုးကူးမကူးဆိုတာ အချက်တွေအများကြီးပေါ်မူတည်ပါသေးတယ်။ မိခင်ဖြစ်သူက HIV ပိုးကူးစက်ခံရတာသိပ်မကြာသေးရင် ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးကောင်ရေအရမ်းမများသေးတဲ့အတွက် ကလေးဆီကူးစက်ဖို့အခွင့်အလမ်းနည်းပါတယ်။ မိခင်က အစားအသောက်ကိုအာဟာရပြည့်ဝအောင်စားသောက်မယ်၊ ကျန်းမာရေးသေချာဂရုစိုက်မယ်ဆို ပိုတောင်ကူးစက်နိုင်ခြေနည်းပါသေးတယ်။ ဒါပေမဲ့ မိခင်က

  •            ဆေးလိပ်သောက်သူ
  •            မူးယစ်ဆေးသုံးစွဲသူ
  •          ဗီတာမင် အေ ချို့တဲ့နေသူ
  •         လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတစ်ခုခုရှိတဲ့သူ
  •      အစာအာဟာရချို့တဲ့နေတဲ့သူ
  •       HIV ပိုးကူးစက်ခံရပြီး ကိုယ်ထဲမှာဗိုင်းရပ်စ်ပိုးပမာဏအရမ်းများနေတဲ့သူ  တွေထဲက တစ်မျိုးမျိုးဖြစ်နေမယ်ဆိုရင် အမေကနေ ကလေးကိုရောဂါကူးနိုင်ချေ ပိုများသွားပြီဖြစ်ပါတယ်။

တကယ်လို့ ကိုယ်ဝန်ဆောင်မိခင်မှာ HIV ပိုးရှိတာသေချာသွားပြီဆိုရင် ကလေးကိုရောဂါပိုးမကူးဖို့နဲ့ အဆင်ပြေပြေမီးဖွားနိုင်ဖို့ ဆေးကုသမှု၊ စိတ်ပိုင်းဆိုင်ရာအားပေးမှု၊ ကျန်းမာရေးအသိပညာပေးမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ မိခင်ကနေ ကလေးဆီရောဂါပိုးမကူးစက်အောင် သောက်ဆေးတချို့လည်းသောက်ဖို့လိုအပ်မှာဖြစ်ပါတယ်။  အတိုကောက် ZDV (zidovudine) လို့ခေါ်တဲ့သောက်ဆေးကို ကိုယ်ဝန် ၄လလောက်ကစပြီးသောက်ဖို့လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်က ဘာဆေးမှမသောက်ထားဘဲ ကလေးမွေးဖွားချိန်မှ ဆေးစသောက်မယ်ဆိုရင်တော့ ZDV ဆေးအပြင် တခြားဆေးဝါးတွေပါ ပူးတွဲသောက်သုံးရမှာပါ။

ကလေးမွေးဖွားတဲ့နည်းလမ်းကလည်း ရောဂါကူးစက်မှုအပေါ်သက်ရောက်ပါတယ်။ HIV ပိုးရှိတဲ့ကိုယ်ဝန်ဆောင်တွေအနေနဲ့ ရိုးရိုးမွေးတာထက် ခွဲစိတ်မွေးဖွားရင် မိခင်ကနေ ကလေးဆီရောဂါကူးစက်နိုင်ချေ ပိုနည်းတာကြောင့် ခွဲစိတ်မွေးဖွားနည်းကိုရွေးချယ်သင့်ပါတယ်။ မိခင်နို့တိုက်တာနဲ့ပတ်သက်ရင်တော့

  •  HIV မရှိဘူး ဒါမှမဟုတ် ပိုးရှိမရှိမသေချာခဲ့ရင် ကလေးအသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းပဲ တိုက်ကျွေးပါ
  •  HIV ပိုးရှိလို့ ကလေးကိုမိခင်နို့မတိုက်ဘူး၊ ဖြည့်စွက်စာပဲကျွေးချင်တယ်ဆို မကျွေးခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပါ
  •  HIV ပိုးရှိတယ်၊ ဒါပေမဲ့ မိခင်နို့ပဲတိုက်ကျွေးချင်တယ်ဆို ကလေးအသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းပဲစွဲစွဲမြဲမြဲတိုက်ကျွေးရပါမယ်။ မိခင်နို့တိုက်လိုက် ဖြည့်စွက်စာကျွေးလိုက် လုံးဝမလုပ်ရပါဘူး။ ဒီလိုဟိုပြောင်းဒီပြောင်းလုပ်ရင် ကလေးအတွက် ပိုအန္တရာယ်ရှိပါတယ်။

ဒါကတော့ HIV ရောဂါပိုးရှိတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ သိရှိထားသင့်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ ဟိုးအရင်ကယူဆခဲ့သလို မိခင်မှာ HIV ပိုးရှိရင် မွေးလာမယ့် ကလေးမှာပါရောဂါကူးစက်နိုင်တယ်ဆိုတာ အယူအဆအမှားဖြစ်ပြီး ကျန်းမာရေးအသိရှိမယ်၊ ကြိုတင်ဆေးစစ်မှုတွေလုပ်ထားမယ်၊ ဆေးဝါးတွေကြိုတင်သောက်သုံးထားမယ်ဆို ကလေးကိုရောဂါပိုးမကူးစက်အောင် လုပ်နိုင်ကြောင်း သိစေလိုတဲ့စေတနာနဲ့ ရေးသားဖော်ပြလိုက်ရခြင်းပဲဖြစ်ပါတယ်။

ရေးသားသူ – Dr.Htoo Tint

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly