ရန်ကုန်တိုင်းအစိုးရဝယ်ယူထားသည့်မီးစက် တစ်နာရီမောင်းနှင်ရန် ဒီဇယ်ဂါလံ ၁၆၀၀ ကျော်အသုံးပြုရဟုဆို

ရန်ကုန်တိုင်းအစိုးရဝယ်ယူထားသည့်မီးစက် တစ်နာရီမောင်းနှင်ရန် ဒီဇယ်ဂါလံ ၁၆၀၀ ကျော်အသုံးပြုရဟုဆို

ရန်ကုန်၊ ဇန်ဝါရီ ၈။       ။ ရန်ကုန်တိုင်းအစိုးရမှနေ၍ နွေရာသီတွင်လျှပ်စစ်ဓာတ်အားမကြာခဏ ပြတ်တောက်သည့်လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန် ကျပ်ဘီလီယံ ၃၀ ဖြင့်ဝယ်ယူထားသည့် မီးစက်ကြီးမှာတစ်နာ  ရီမောင်း နှင်ရန် ဒီဇယ်ဂါလံ ၁၆၀၀ ကျော်အသုံးပြုရကြောင်းတိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာမှ သိရသည်။

ဒုတိယအကြိမ်၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နဝမအကြိမ်မြောက်ပုံမှန်အစည်းအဝေးမေးခွန်းမေးမြန်းခဲ့သော်လည်းအသေးစိတ်မသိရှိခဲ့ရဘဲစာရင်းစစ်ချုပ်မှအစီရင်ခံသည့်အခါတွင်မှ သိရှိခဲ့ရခြင်းဖြစ်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကျော်ဇေယျကပြောသည်။

“အဆိုပါစက်ရဲ့စွမ်းရည်ကြည့်လိုက်တော့ တစ်နာရီနှိုးလို့ရှိရင် ဂါလံ ၁၆၈၀ တဲ့ သေရောပေါ့။ ဒါ ၁၆၀ မဟုတ်ဘူးနော်။ ၁၆၈၀ ကုန်တယ်ဆိုတော့ ဒီစက်ကြီးရဲ့ဆီတွေရန်ကုန်တိုင်း လျှပ်စစ်ကော်ပိုရေးရှင်းဘယ်လိုလုပ်နေလဲ။ ဒါရန်ကုန်တိုင်းဒေသကြီးအစိုးရကြီးကြပ်ကွပ်ကဲမှုအောက်ပေါ့နော်” ဟု ၎င်းကဆိုသည်။

ယနေ့ကျင်းပသည့်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင်ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ခုနှစ် အစီရင်ခံစာကိုစာရင်းစစ်ချုပ်ဖြစ်သူဒေါ်ခင်သန်းလှကတင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါမီးစက် လည်ပတ်မှုမှာစက်စတင်လည်ပတ်သည့် ၂၃ လအတွင်းစက်စမ်းသပ်လည်ပတ်သည့်လ သုံးလ၊ စက်လုံးဝလည်ပတ်မှုမရှိသည့်လ ခြောက်လစက်ပျက်ဆီးမှုမရှိစေရန်အတွက်လည်ပတ်သည့်လ နှစ်လတို့ဖြစ်ကြောင်းသိရသည်။

၂၀၁၈ ခုနှစ်မှစ၍ တစ်ပတ်လျင် တစ်ကြိမ် (၁၅) မိနစ်ခန့်လည်ပတ် သည့်လ ရှစ်လ၊ စက်မောင်းနှင်ရန် သင်တန်းပို့ချသည့်လ နှစ်လ၊ ဓာတ်အားလိုအပ်ချက်အရမောင်းနှင်ပေးသည့်လ လေးလ၊ ဇောတိကသဘာဝ ဓာတ်ငွေ့ပိုက် လိုင်းပုံမှန်ပြုပြင်ဆောင်ရွက်သည့် အချိန်မောင်းနှင်ပေးသည့်လ ငါးလတို့မောင်းနှင်ခဲ့သည်ဟုလည်းတိုင်းစာရင်းစစ်ချုပ်ဖြစ်သူဒေါ်ခင်သန်းလှကဆိုသည်။

“ စုစုပေါင်း ၉၈၁ ၃၀၅ ဂါလံသုံးစွဲထားကြောင်းတွေ့ရှိရပါသည် ” ဟု ၎င်းက လွှတ်တော်တွင် အစီရင်ခံစာကိုဖတ်ကြားခဲ့သည်။

ထို့အပြင်  “ ဓာတ်အားပြတ်တောက်သည့်အချိန်များတွင် ဓာတ်အားထုတ်လုပ်ပေးနိုင်သဖြင့် အားသာချက်ရရှိသော်လည်းအားနည်းချက်အနေဖြင့် ကုန်ကုန်စရိတ်မှာများပြားသဖြင့် ရေရှည်အတွက်စရိတ်သက် သာနိုင်မည့်နည်း လမ်းများရှာဖွေနိုင်ရေးလိုအပ်ပါသည်” လည်းဒေါ်ခင်သန်းလှကတင်ပြပြောဆိုခဲ့သည်။

၂၀၁၆ခုနှစ်၊ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာသီးသန့် ရန်ပုံငွေမှကျပ်၃၀ဘီလီယံအားသုံးစွဲပြီးဝယ်ယူခဲ့သည့် အဆိုပါဓာတ်အားထုတ်စက်မှာ၂၅မဂ္ဂါဝပ်ထွက်ရှိသည်ဟုလည်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းနွေရာသီလျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန်အတွက်လျှပ်စစ်ဓာတ်အားထုတ်စက်ဝယ်ယူရန်သီးသန့်ရန်ပုံငွေမှကျပ်ဘီလျံ  ၃၀သုံးစွဲရန်၂၀၁၈ခုနှစ်မတ် ၁၇ရက်ကကျင်း ပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်အတည်ပြုခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly