ကွန်မြူနစ် သံမဏိတပ် ဗိုလ်ချုပ်မောင်မောင်၏ တစ်သက်တာ မှတ်တမ်းစာအုပ် ထုတ်ဝေ

ကွန်မြူနစ် သံမဏိတပ် ဗိုလ်ချုပ်မောင်မောင်၏ တစ်သက်တာ မှတ်တမ်းစာအုပ် ထုတ်ဝေ

ရန်ကုန်၊ ဇန်နဝါရီလ ၂ ။          ။ စစ်ကြိုခေတ် ဗကပခေါင်းဆောင် သံမဏိတပ် ဗိုလ်ချုပ်မောင်မောင် (ဗကပ ဗဟိုကော်မတီဝင် ဗိုလ်အောင်သူ ) ဆိုသော အမည်ဖြင့် ဗိုလ်ချုပ်မောင်မောင်၏ သမိုင်းလှုပ်ရှားမှုများကို အခြေခံ၍ စာရေးဆရာ မောင်ဆွေသက်က စာအုပ်ထုတ်ဝေခဲ့ပါသည်။

အဆိုပါ စာအုပ် မိတ်ဆက်ခြင်း အခမ်းအနားကို  ရန်ကုန်မြို့ရှိ House Of Orchid မှာ ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲပိုင်း အချိန်က ပြုလုပ်ခဲ့သည်။

စာအုပ်ရေးသားသူ စာရေးဆရာ မောင်ဆွေသက်က“ဒီစာအုပ်က သံမဏိမောင်မောင် (ဗိုလ်အောင်သူ)ပါ။ ဟိုးတုန်းက အဘက စစ်သား ၊သူက သူပုန်ဆိုတော့ တိုက်ပွဲတွေဖြစ် အဲလိုကနေ နာမည်ကြားဖူးတာပါ။ ဒီဘက်ခေတ်ကြတော့ မိတ်ဆွေ ဖြစ်လာတယ်။ သူ့ အကြောင်းတွေ မေးတော့ လွတ်လပ်ရေးအတွက် တကယ် လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို သမိုင်း မှတ်တမ်း မတင်ဖြစ်ကြသေးဘူး။ သူ့အကြောင်းတွေ မေးရင်းနဲ့ သူ့သမိုင်း မှတ်တမ်းကို လူတွေသိစေချင်လို့ ဒီ စာအုပ်ကို ပြုစုလိုက်ခြင်း ဖြစ်ပါတယ် “ ဟု   ပြောသည်။

ထိုစာအုပ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ သံမဏိတပ် ဗိုလ်ချုပ် မောင် မောင် (ခေါ်) ဗိုလ်အောင်သူ၏  ၁၉၃၈ ခုနှစ်က စတင်ပြီး ကျောင်းသားလှုပ်ရှားမှု ၊ ဗကပ သို့ ဝင်ရောက်ပြီး ပါတီတာဝန်များ  ထမ်းဆောင်ခဲ့ပုံနှင့် တစ်သက်တာ တွေ့ကြုံရသည့် အကြောင်းအရာများကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။

ထို့အပြင် မြန်မာပြည် နိုင်ငံရေး၊ တက္ကသိုလ်ကျောင်းဘ၀ ၊ ဂျပန်အုပ်စိုး ကာလနှင့် လှုပ်ရှားမှု ၊ အင်္ဂလိပ်ပြန် အဝင် ဗမာပြည်ကွန်မြူနစ်တို့အကွဲ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင် စသည့် ဖြတ်သန်းမှု အကြောင်းအရာများကို ထည့်သွင်း ရေးသားထားကြောင်း သိရသည်။

ဗိုလ်ချုပ် မောင်မောင်သည် ဗမာပြည်ကွန်ုမြူနစ်ပါတီ ဗဟိုကော်မတီဝင် တိုင်း(၃)တိုင်း၏ တာဝန်ခံ အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၁၉၅၉ ခုနှစ် တပ်မတော် အိမ်စောင့်အစိုးရ လက်ထက်တွင် အလင်းဝင်ရောက်ခဲ့ပါသည်။

လက်ရှိတွင် ဗိုလ်ချုပ်မောင်မောင်သည် မန္တလေးမြို့တွင် နေထိုင်လျက်ရှိပြီး အသက် ၉၉ နှစ်ကျော်ရှိနေပြီး ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly