စစ်ရေးအမြင်ဖြင့် လမ်းဖောက်ခြင်းဖြစ်၍ တပ်မတော်နှင့် ညှိနှိုင်းနေရခြင်းဟု KNU ပြော

စစ်ရေးအမြင်ဖြင့် လမ်းဖောက်ခြင်းဖြစ်၍ တပ်မတော်နှင့် ညှိနှိုင်းနေရခြင်းဟု KNU ပြော
  KNU မှ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး မျိုးဝင်းတို့  ဒီဇင်ဘာ ၂၇ ရက်က  တွေ့ဆုံကြစဉ်။ ဓာတ်ပုံ -  Karen National Union Headquarters (fb)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ။          ။ ဖာပွန်နှင့် ကျောက်ကြီးတွင် စစ်ရေးအမြင်ဖြင့် တပ်မတော်ဘက်မှ လမ်းဖောက်လုပ်ခြင်းဖြစ်သည့်အတွက်  မိမိတို့ အနေဖြင့် တွေ့ဆုံ နွေးဆွေးနေရခြင်း ဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာ ဒိုမှူးက မဇ္ဈိမသို့ ပြောသည်။

တပ်မတော်သည် ဒေသဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက ဖာပွန်ခရိုင်အတွင်းမှ ခေးပူ-လယ်မူပလော လမ်းကို ဖောက်လုပ်ခဲ့ရာ  KNU ၏ စစ်ရေး လက်အောက်ခံ KNLA တပ်မဟာ (၅)က စစ်ရေးအရ အရေးသားခြင်းကြောင့် ဖောက်လုပ်ခွင့် မပြုနိုင်ကြောင်း တားမြစ်ခဲ့စဉ် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၂ ထောင်ကျော် တိုက်ပွဲ ရှောင် ခဲ့ကြရသလို ယနေ့ထိတိုင် လမ်းဖောက်လုပ်ခြင်းအပေါ် နှစ်ဖက်ကြား တစ်စုံတစ်ရာ သဘောတူညီမှု ရယူနိုင်ခြင်းမရှိသေး ပေ။

KNU မှ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး မျိုးဝင်းတို့  ဒီဇင်ဘာ ၂၇ ရက်က  တွေ့ဆုံကြစဉ်။ ဓာတ်ပုံ -  Karen National Union Headquarters (fb)

ပဒိုစောတာဒိုမှူးက “ ကျွန်တော်တို့ကလည်း ဒီလမ်းဖောက်လုပ်မှုက စစ်ဆင်ရေးအနေနဲ့ လမ်းဖောက်တယ်လို့ ကျွန်တော် တို့ အဲလို ယူဆထား တယ်။ အဲအတွက်ကြောင့် ဒီအချိန်မှာ လမ်းဖောက်လုပ်ဖို့ထက် တခြား မဖွံ့ဖြိုး မတိုးတတ်သေးတဲ့  တကယ်လိုအပ်နေတဲ့ နေရာတွေကို ပိုပြီး ဦးစားပေးစေချင်တာပေါ့နော်” ဟု ပြောသည်။

အဆိုပါ လမ်းဖောက်လုပ်ခြင်းကြောင့် နှစ်ဖက် မကျေလည်မှုများ ဖြေရှင်းနိုင်ရန်အတွက် KNU လက်အောက်ခံ ကရင် အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် မန်းရှာထုဂေါ် ဦးဆောင်သော ၇ ဦးပါ ကိုယ်စား လှယ် အဖွဲ့နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
၂၀၁၉ ခုနှစ်၊ မေလအတွင်းမှာတော့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ရန်ကုန်မြို့မှာ လမ်းဖောက်လုပ်မှုကြောင့် ဖြစ်ပွားခဲ့သော တင်းမာမှုများ လျှော့ချ နိုင် ရေး အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့ပြီး တိုက်ပွဲများကို ရပ်တန့်နိုင်ခဲ့ကြသည်။

သို့သော် နှစ်ဦး နှစ်ဖက် ရှင်းလင်းသော သဘောတူညီချက်များ ရယူနိုင်ခြင်းမရှိသေးသည့်အတွက် ဒီဇင်ဘာ ၂၇ ရက်က KNU ၏ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များနှင့် တပ်မတော်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တွေ့ဆုံဆွေးနွေးခဲ့ ကြခြင်း ဖြစ်ကြောင်း သိရသည်။

တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ထိုလမ်းမှာ KNU အနေဖြင့် NCA မထိုးခင်က တပ်မတော်နှင့်တိုက်ပွဲများ ပြင်းထန်ခဲ့သည့် လမ်းဖြစ်ကာ  တပ်မတော် အနေဖြင့် ဒေသခံများ သွားလာရ အဆင်ပြေရေးအတွက်သာ ဖောက်လုပ်၊ ပြင်ဆင်နေခြင်းဖြစ်ကြောင်း ပြောသည်။

“တပ်မတော်အနေနဲ့က အဲဒီလမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စစ်ဆင်ရေး လုပ်လို့ရတယ်။ ဘာမှသိပ်ပြီး ထူးထူး ခြား ခြား မရှိဘူး။ KNU အနေနဲ့လည်း တိုက်ပွဲတွေ ဖြစ်တဲ့ကာလမှာ မိုင်းထောင် မိုင်းဆွဲ တိုက်ခိုက်တာတွေ ရှိခဲ့တာပဲ။ တိုက်ပွဲ လည်း ခဏခဏ ဖြစ်ခဲ့တာပဲ။  တပ်မတော်ရဲ့ စစ်ဆင်ရေး ရပ်တန့်သွားတာမျိုးလည်း မရှိပါဘူး”ဟု ၎င်းက ပြောသည်။

KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးကတော့ ဒီဇင်ဘာ ၂၇ ရက်နေ့ တွေ့ဆုံမှုမှာ အခြေအနေ ကောင်းမွန်းကြောင်း ဆိုသည်။

“ NCA အရဆိုရင်လည်း ဒါကညှိနှိုင်း တိုင်ပင်ရမယ့် အပိုင်းတစ်ပိုင်း ဖြစ်တာကို။ အဲတာကြောင့် ကျွန်တော်တို့ဘက်က တော့ ဖွံ့ဖြိုးရေး ခေါင်းစဉ်အောက်မှာ ဖြစ်ပေမယ့်လည်း စစ်ရေးအမြင်အရ ဖောက်လုပ်တဲ့လမ်းရယ်လို့ သတ်မှတ်တဲ့ အတွက်ကြောင့် တွေ့ဆုံဆွေးနွေးရတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိမှာတော့ KNU သည် ခရိုင် ၄ ခုအတွင်းမှာ တပ်မဟာ ၄ ခု လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

ထိုတပ်မဟာ ၄ ခုအနက် တောင်ငူခရိုင်တွင် တပ်မဟာ(၂) ၊ ဖာပွန်ခရိုင်၌ တပ်မဟာ(၅)၊ ညောင်လေးပင် ခရိုင်တွင် တပ်မဟာ (၃) နှင့် သထုံခရိုင်တွင် တပ်မဟာ(၁)တို့ အသီးသီး လှုပ်ရှားလျက်ရှိကြောင်း သိရသည်။
KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် ကရင် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly