မိုဘိုင်းဖုန်းနဲ့ လမ်းခွဲနည်း

မိုဘိုင်းဖုန်းနဲ့ လမ်းခွဲနည်း

ရေးသားသူ Dr. Yee Mon Lwin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဒီစာကြောင်းလေးကို ကိုယ်တစ်နေ့မှာ ဘယ်နှခါမြင်တယ်လို့ထင်လဲ။
ဒါဆိုရင် ဒီ ဖုန်းထဲက တစ်ယောက်ယောက်က ကိုယ့် post ကို like လုပ်လိုက်ပါတယ်ဆိုတဲ့ ဘာမဟုတ်တဲ့ နိုတီ (notification) လေးကြောင့် တစ်နေ့မှာ ဘယ်နှစ်ကြိမ်လောက် ဖုန်းကို ကြည့်မိတတ်ကြလဲ။ နိုတီလေးဝင်လာလို့ ခဏဖုန်းကို ကြည့်မိရာကနေ မိနစ် ၃၀ လောက် ဖုန်းပေါ်မှာ အချိန်ဖြုန်းမိသွားတာမျိုးရော ဖြစ်ဖူးလား။ ဖုန်းက အသံတစ်ခုခုကြောင့် အလုပ်တစ်ခုကို အာရုံစိုက်နေရာကနေ စိတ်တွေပြန့်လွှင့်သွားပြီးတော့ လုပ်စရာတွေကို ဆက်မလုပ်ဖြစ်တာလည်း ဖြစ်ဖူးကြမယ်လို့ ထင်ပါတယ်နော်။

စစ်တမ်းတွေအရ လူတစ်ယောက်ဟာ ပျမ်းမျှ ဖုန်းကို အကြိမ် ၁၁၀ လောက် ကိုင်ကြပါတယ်တဲ့။ မိုဘိုင်းဖုန်းကို စွဲလမ်းတာဟာ နောက်ပိုင်းမှာ ရောဂါလို့တောင် သတ်မှတ်နေကြပါပြီ။ ဘာလို့လဲဆိုတော့ ဖုန်းမသုံးဘဲ ဖုန်းမရှိဘဲနေရင် လုပ်စရာမရှိတဲ့သူလို ငူငူငိုင်ငိုင်ကြီးနဲ့ နေမထိထိုင်မသာတွေဖြစ်နေတဲ့ အထိဖြစ်လာကြလို့ပါ။ ဆေးစွဲနေတဲ့သူကို ဆေးရုတ်တရက်ဖြတ်လိုက်ရင် ဖြစ်လာတဲ့ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်လည်းတူပါတယ်တဲ့။

ကားမောင်းလည်းသုံး၊ အိမ်သာတက်လည်းသုံး၊ ထမင်းစားလည်း ဖုန်းတကိုင်ကိုင်ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို သတိထားမိနေပြီလား။ ဖုန်းကြည့်ပြီး အိပ်ရေးတွေပျက် မနက်မထနိုင်လို့ ဖုန်းလျှော့သုံးချင်တယ်ဆိုပြီးရော တွေးမိဖူးလား။ ဒီလိုဆိုရင်တော့ မိုဘိုင်းဖုန်းကို နည်းနည်းဖြစ်ဖြစ် လျှော့သုံးဖြစ်အောင် ကူညီမယ့် နည်းလမ်းလေးတွေကို အောက်မှာ ဖော်ပြပေးလိုက် ပါတယ်နော်။
၁။ နိုတီတွေကို တက်နိုင်သလောက်ဖြုတ်ထားပါ။

ဖေ့ဘွတ်ခ်ပေါ်မှာ Like တစ်ခုရတိုင်း ဖုန်းကို ဖွင့်ကြည့်မိနေတာတော့ မဖြစ်သင့်ဘူးလေနော်။
ဒါကြောင့် ဖုန်းထဲမှာရှိတဲ့ ဂိမ်းပဲဖြစ်ဖြစ်၊ အီးမေလ်ပဲဖြစ်ဖြစ် အက်ပလီကေးရှင်းတွေရဲ့ နိုတီတွေကို ဖြုတ်ထားလိုက်ပါ။ အရေးကြီးတဲ့ အလုပ်က မက်ဆေ့တို့၊ အီးမေးလ်တို့ကလွဲရင် ကျန်တာကို ပိတ်ထားသင့်ပါတယ်။
၂။ စိတ်အာရုံထွေပြားစေမယ့် အက်ပလီကေးရှင်းတွေကို ဖယ်ရှားပါ။

ဖုန်းသုံးတာ အများအားဖြင့် အမှုမှတ်အမှတ်မဲ့ပါပဲတဲ့။ ဖေ့ဘွတ်ကနေ မက်ဆင်ဂျာကို ကြည့်တယ်၊ ဂိမ်းဆော့ဖြစ်သွားတယ်၊ အဲ့ဒီလို တစ်ခုပြီးတစ်ခု ပြောင်းပြီးဖွင့်ကြည့်မိနေတာမျိုး မဖြစ်အောင် အချိန်အကြာကြီး ကုန်နေစေမယ့် အက်ပလီကေးရှင်းတွေကို ဖုန်းထဲက ဖယ်ထားလိုက်သင့်ပါတယ်။
၃။ အိပ်မယ့်နေရာကို ဖုန်းကို ယူမသွားပါနဲ့။

ဖုန်းပွတ်ရင်းနဲ့ မနက်မိုးလင်းသွားတာမျိုးတွေမဖြစ်အောင် အိပ်တော့မယ်လို့စဉ်းစားလိုက်တာနဲ့ ဖုန်းကို ကိုယ်လက်လှမ်းမမှီတဲ့နေရာမှာ အားသွင်းထားလိုက်ပါ။ လွယ်လွယ်ကူကူထယူလို့မရတဲ့ နေရာဆို ပိုကောင်းပါတယ်။
၄။ ဘာကိုအာရုံစိုက်ချင်လဲ ကိုယ့်ဘာကိုယ်မေးကြည့်ပါ။

ကိုယ့်ရဲ့ တစ်နေ့တာကို ဘယ်လိုအချိန်ကုန်ချင်လဲ၊ ဘယ်နေရာတွေမှာ အာရုံစိုက်ချင်လဲဆိုတာ သေချာမြင်ရင် ဖုန်းသုံးနေတဲ့ အချိန်တွေဟာ အလဟသ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဖုန်းအက်ပလီကေးရှင်း ထွင်တဲ့သူတွေက လူတွေရဲ့ အာရုံစူးစိုက်မှုကို ပစ်မှတ်ထားတယ်။ တွေးဖူးလား။ ဖေ့ဘွတ်ခ်တို့လို အက်ပလီကေးရှင်းတွေက ဘာကြောင့် အလကားရလဲလို့။ သူတို့ရဲ့ အဓိကဝင်ငွေက ကြော်ငြာတွေမို့လို့ပါ။ တစ်နည်းအားဖြင့် ပြောရရင် လူတွေရဲ့ အာရုံစူးစိုက်မှုတွေ အက်တန်းရှင်းတွေ ရောင်းစားခံနေရတာပေါ့ ။
၅။ ကိုယ်တွေးနေတဲ့ ပုံစံကို ပြောင်းလဲကြည့်ပါ။

ဖုန်းသုံးရတာကြိုက်တဲ့သူကို ဖုန်းမသုံးနဲ့လို့ပြောရင် ကိုယ့်ပျော်တာ ကိုယ်လုပ်နေတာကို တားမြစ်တယ်ဆိုတဲ့ ခံစားချက်ကြီးဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဖုန်းသုံးနေလို့ ကုန်သွားတဲ့အချိန်မှာ တခြား သူငယ်ချင်းတွေနဲ့ တွေ့တာ၊ ကိုယ်ရဲ့ ဝါသနာတစ်ခုခုလုပ်တာ တွေကိုလုပ်လို့ရနေတာပဲ။ ဖုန်းလျှော့သုံးတယ်လို့မတွေးဘဲ ကိုယ့်ရဲ့ အပြင်ဘက် လက်ရှိဘဝကို အချိန်ပိုပေးတယ်လို့ ပြောင်းတွေးလို့ရပါတယ်။
၆။ ပန်းတိုင်တစ်ခုထားပါ။

ဖုန်းလျှော့သုံးမယ်ဆိုရင် ပိုလာတဲ့အချိန်တွေမှာ အားနေရင် ဖုန်းကိုင်ဖြစ်ဖို့ အခွင့်အရေး ပိုများလာပါလိမ့်မယ်။ စာပိုဖတ်ချင်တယ်ဆိုရင် စာအုပ်ကို သွားလေရာသယ်သွားပါ။ တစ်လအတွင်း စာအုပ်ဘယ်နှစ်အုပ် ပြီးရမယ်ဆိုပြီး ပန်းတိုင်တစ်ခုသတ်မှတ်ထားပါ။
၇။ ဖုန်းနဲ့ ခဏတဖြုတ်ခွဲကြည့်ပါ။

လမ်းထိပ်ခဏသွားတဲ့အခါ ဖုန်းကို ထားခဲ့ပါ။ ရုံးမှာ ခဏအားတဲ့အချိန် ဖုန်းပွတ်မယ့်အစား ဘေးလူနဲ့ စကားပြောပါ။ တစ်ယောက်တည်း ထမင်းစားရတဲ့အခါ ဖုန်းမကြည့်ဘဲ ထမင်းကိုပဲ အာရုံစိုက်စားပါ။ ခဏ ခွဲခွာလိုက်တဲ့ချိန်မှာတောင် ဖုန်းမကြည့်ရမနေနိုင်ဘူးဖြစ်နေတယ်ဆိုရင် နောက်ပိုဆိုးလာဖို့ပဲရှိတယ်ဆိုတာကို သတိရပါ။ ဖုန်းမကြည့်မိဖို့ ကြိုးစာရတာ စစချင်း ခက်ခဲပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ပိုလွယ်လာတာကို တွေ့ရပါလိမ့်မယ်။
၈။ ဘဝနဲ့ ယှဉ်ပြီး စဉ်းစားကြည့်ပါ။

အပေါ်ကနည်းလမ်းတွေလုပ်လို့မှ မအောင်မြင်ဘူးဆိုရင် ကိုယ်သေခါနီးအချိန်ကို မြင်ယောင်ကြည့်ပါ။ သေလုမျောပါးဖြစ်နေတဲ့ချိန်မှာ ဘယ်သူက ငါဖေ့ဘွတ်ခ်ကို ပိုသုံးလိုက်မိရင်ကောင်းမယ်ဆိုပြီး တွေးမိမလဲ။ ဒီလိုမေးခွန်းတွေကို ထပ်ခါထပ်ခါ မေးကြည့်ပါ။ ဘဝရဲ့ အစိတ်အပိုင်းဘယ်လောက်ကို ဖုန်းပွတ်ရင်းနဲ့ ကုန်ဆုံးချင်လဲ။

လူတွေမှာ တစ်ခုခုကို လွတ်သွားမှာကြောက်တဲ့ စိုးရိမ်စိတ် (fear of missing out) ဆိုတာရှိတတ်ကြတယ်။ နိုတီဝင်တဲ့ချိန်မှာ မကြည့်လိုက်ရင် ငါဘာတွေလွတ်သွားပြီလဲ ဆိုတဲ့စိတ်မျိုးပေါ့။ တစ်ခါတစ်လေ ဖုန်းက ဘာနိုတီမှ မဝင်တာတောင် ယောင်ယောင်ပြီး ကိုင်ကြည့်မိနေတတ်ပါတယ်။ ဖုန်းထဲက အကြောင်းတွေကို လွတ်မှာ စိုးလို့ ဂရုစိုက်နေတဲ့ချိန်မှာ အပြင်မှာ တကယ် အကောင်အထည်လိုက်ရှိနေတဲ့ လူတွေကို မေ့သွားတတ်ပါတယ်။

မိုဘိုင်းဖုန်းကို လုံးဝမသုံးဖို့ပြောတာမဟုတ်ပါဘူး။ ချစ်သူလိုမျိုး စွဲစွဲလမ်းလမ်းဖြစ်နေရာကနေ သူငယ်ချင်း အဆင့်လိုမျိုးထားပါ။ မိုဘိုင်းဖုန်းရဲ့ ချည်နှောင်မှုကနေ လွတ်မြောက်ပြီး လမ်းခွဲနိုင်သွားတဲ့အခါ ဘယ်လောက်စိတ်လက်ပေါ့ပါးလဲဆိုတာကို တွေ့ရပါလိမ့်မယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly