အစာငတ်ခံ ဆန္ဒပြသူ ကိုအောင်မှိုင်းဆန်းကို တိုက်ခွဲမထားရန် တောင်းဆိုရေး ပြင်ဆင်

အစာငတ်ခံ ဆန္ဒပြသူ ကိုအောင်မှိုင်းဆန်းကို တိုက်ခွဲမထားရန် တောင်းဆိုရေး ပြင်ဆင်
ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း အား လက်ပံတန်း တရားရုံးတွင် ရုံးထုတ်လာသည်ကို ၂၀၁၅ ခုနှစ်၊ မတ်လ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ငြိမ်းချမ်းနိုင်၊ အီးပီအေ

ဖမ်းဆီးခံ လက်ပံတန်း သပိတ်ကျောင်းသားများ အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန် အစာငတ်ခံ ဆန္ဒပြသူ ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း၏ ကျန်းမာရေးကြောင့် ထောင်အတွင်း တိုက်ခွဲမထားရေးကို တောင်းဆိုသွားရန် ပြင်ဆင်နေသည်ဟု ၎င်း၏ အမျိုးသမီးဖြစ်သူ ဒေါ်လဲ့လဲ့နွယ်က အောက်တိုဘာ ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

“လက်ပံတန်း ဖြိုးခွင်းတုန်းက နံကြားကို စစ်ဖိနပ်နဲ့ အကန်ခံထားရတာ။ ထောင်ကျတော့ အဲဒါ ကိုက်တာကို အကိုက်အခဲ ပျောက်ဆေးဘဲ ပေးတယ်။ ဒါပေမယ့် အဲဒီဟာက သက်သာနေတယ်။ အခု အအေးဓါတ် ဝင်လာချိန်မှာ ပြန်ကိုက်နိုင်တယ်။ တစ်ယောက်တည်းနေရတော့ သူ့ကျန်းမာရေးအပေါ် စိတ်ပူတယ်၊ အဲဒီအတွက် တစ်ခြား နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ တိုင်ပင်ပြီး ထောင်အာဏာပိုင်ကို တောင်းဆိုဖို့တော့ စဉ်းစားနေတယ်”ဟု ၎င်းက ပြောသည်။

အစာအငတ်ခံ ဆန္ဒပြသူ ကိုအောင်မှိုင်းဆန်း အပါအဝင် ဖမ်းဆီးခံ လက်ပံတန်း ကျောင်းသားများကို အောက်တိုဘာ ၂၇ ရက်တွင် လက်ပံတန်း တရားရုံး၌ ၂၄ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးမည် ဖြစ်သည်။

ယင်းရုံးထုတ် စစ်ဆေးရာတွင် အစာအငတ်ခံ ဆန္ဒပြသူ ကိုအောင်မှိုင်းဆန်း ပါဝင်ခြင်း မရှိပါက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အနေဖြင့် ထောင်တွင်း တွေ့ဆုံရန်နှင့် ဖမ်းဆီးခံ ကျောင်းသားများနှင့်အတူ ၎င်းကို ပြန်လည်ထားရှိရေး ထောင်အာဏာပိုင်များကိုသာမက သက်ဆိုင်ရာ အစိုးရအဖွဲ့များသို့ တွေ့ဆုံ တောင်းဆိုမည်ဟု ဗကသ ဗဟိုလုပ်ငန်း ကော်မတီဝင် ကိုရှိန်းရာဇာထွန်းက ဆိုသည်။

“အခု ရေမဖြတ်သေးဘူးလို့ သိရတယ်။ တိုက်ခွဲတာကို ကျွန်တော်တို့ မလိုလားဘူး။ ကျန်းမာရေးအတွက် ဆရာဝန် ထားပေးဖို့၊ အကြမ်းမဖက်ဖို့ကို နိုင်ငံတစ်ကာ သံရုံးတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေ၊ နိုင်/ကျဉ်းအဖွဲ့ တွေကတစ်ဆင့် တောင်းဆိုဖို့ ပြင်ထားတယ်”ဟု ၎င်းက ပြောသည်။

အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်သည့် လက်ပံတန်း ကျောင်းသားသပိတ်ကို ဖြိုခွင်းစဉ် မတ်လ ဒုတိယအပတ်အတွင်း ရဲတပ်ဖွဲ့က ဖြိုခွင်းကာ ပါဝင်သည့် ကျောင်းသားများကို ဖမ်းဆီး အရေးယူခဲ့ရာတွင် ကိုအောင်မှိုင်းဆန်းလည်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။

၎င်းအပါအဝင် လက်ပံတန်း ကျောင်းသားသပိတ်တွင် ပါဝင်သူ ကျောင်းသားများကို သာယာဝတီ အကျဉ်းထောင်တွင် အစိုးရက ဖမ်းဆီးထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly