ဧရာဝတီတိုင်း လျှပ်စစ်မီးရရှိရေး ပိုမိုဆောင်ရွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု

ဧရာဝတီတိုင်း လျှပ်စစ်မီးရရှိရေး ပိုမိုဆောင်ရွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု
ဖယောင်းတိုင်မီး အသုံးပြုပြီး စာကျက်နေသည့် ကျောင်းသားတစ်ဦး(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၉ ခုနှစ်)။ ။ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ ဇာတိဖြစ်သော ဧရာဝတီတိုင်းအတွင်း လျှပ်စစ်မီးရရှိရေးအတွက် ပိုမိုကြိုးစားဆောင်ရွက်ပေးသွားမည်ဟု ယနေ့ လပွတ္တာမြို့ရောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကည်က ပြောကြားသွားသည်။

 လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငါးဆယ်ရာခိုင်နှုန်း လျှပ်စစ်မီးရရှိနေသော်လည်း ဧရာဝတီတိုင်းတွင်မူ တစ်တိုင်းလုံး၏ နှစ်ဆယ်ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်သည်။ အဆိုပါ အခြေအနေမှာ အားနည်းနေသေးကြောင်းလည်း လပွတ္တာ(ပင်လယ်လေး)တံတားဖွင့်ပွဲအပြီး လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံသွားသည်။

 “ဧရာဝတီတိုင်းကတော့ အားနည်းတယ်ဆိုတာ ကျွန်မတို့ ဝန်ခံရမယ်။ တစ်တိုင်းပြည်လုံးမှာ လျှပ်စစ်ဓာတ်အား ငါးဆယ်ရာခိုင်နှုန်းကျော် ရရှိနေတဲ့ အချိန်မှာ ဧရာဝတီတိုင်းက နှစ်ဆယ်ရာခိုင်နှုန်းကျော်ပဲ ရှိသေးတယ်ဆိုတော့ အဲ့ဒါကတော့ အားနည်းတယ်ဆိုတာ အမှန်ပါပဲ။ ဒါကြောင့်မလို့လည်း ပိုပြီးတော့ ကြိုးစားပြီးတော့ ဧရာတီတိုင်းဘက်မှာ လျှပ်စစ်မီးရရှိရေးအတွက်ကို ဆောင်ရွက်ပေးပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

 ယနေ့ လူထုတွေ့ဆုံပွဲတွင် လပွတ္တာဒေသခံများ မေးမြန်းထားသည့် မေးခွန်းများစွာထဲက မေးခွန်းအချို့ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲနှိုက်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများကို ပြန်လည်ဖြေကြားစေသလို အချို့မေးခွန်းများကိုလည်း သူကိုယ်တိုင် ဖြေကြားခဲ့သည်။

 ထိုတွေ့ဆုံပွဲတွင် နောက်ဆုံးမေးခွန်း မေးမြန်းခွင့် ရရှိခဲ့သည့် သုံးမိုင်မြို့၊ (၄)ရပ်ကွက်နေ ဒေါ်မြစန်းညွှန့်က ၎င်းတို့ ရပ်ကွက်အတွက် လိုအပ်နေသည့် လမ်းနှင့် လျှပ်စစ်မီး ဖြည့်ဆည်းပေးရန် တောင်းဆိုမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ဖြေကြားသွားခြင်း ဖြစ်သည်။

 ဒေါ်မြစန်းညွှန့်က ၎င်းအနေဖြင့် ၂၀၀၈ခုနှစ်က နာဂစ်မုန်တိုင်းအပြီး အဆင့်ဆင့် ပြောင်းရွှေ့နေထိုင်ရာမှ လက်ရှိ (၄)ရပ်ကွက်သို့ ရောက်လာခဲ့ကြောင်း၊ လက်ရှိတွင် ရပ်ကွက်(၁)၊ ရပ်ကွက်(၂)နှင့် ရပ်ကွက်(၃)တို့တွင် လမ်းများ၊ လျှပ်စစ်မီးများ ရရှိသော်လည်း ၎င်းတို့ရပ်ကွက်တွင် လမ်းနှင့်မီး မရှိခြင်းကြောင့် လိုချင်ကြောင်း မေးမြန်းခဲ့သည်။

 ထိုမေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က “ကြည့်ပြီးတော့ လုပ်ပေးလိုက်ပါ” ဟု သက်ဆိုင်ရာဌာနကို ညွှန်ကြားသွားပြီး “အားလုံးကို မျှမျှတတ ဦးစားပေးစနစ်နဲ့ လုပ်သွားပါမယ်။ နောက်ဆုံးကျတော့ တစ်တိုင်းပြည်လုံးမှာ လမ်းရော၊ မီးရော ဖူလုံရမှာပေါ့” ဟု ပြန်လည် ဖြေကြားခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည်က သူ့အနေဖြင့် နိုင်ငံအဝှမ်း သွားလာရာတွင် ဒေသခံများ အဓိက တောင်းဆိုကြသည်မှာ သောက်သုံးရေ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ပညာရေးနှင့် ကျန်းမာရေးတို့ပင် ဖြစ်ကြောင်းလည်း ဧရာဝတီတိုင်းခရီးစဉ်တွင် ပြောဆိုသွားသည်။

 “လျှပ်စစ်မီးဆိုတာ နေဝင်သွားရင် မီးခလုတ်လေးဖွင့်လိုက်လို့ လင်းလာတာတင် မကဘူး။ တစ်ခြားအခွင့်အရေးတွေလည်း အများကြီးပေးတယ်။ ပညာရေးနဲ့လည်း ဆက်စပ်နေတယ်။ ကလေးတွေကို ဖယောင်းတိုင်မီးနဲ့မဟုတ်ဘဲ လျှပ်စစ်မီးနဲ့ စာကျက်တဲ့အခါကျရင် ပိုပြီးတော့လည်း ကျက်ရတာ လွယ်တယ်။ နောက်ပြီးတော့ ကျန်းမာရေးဆိုတဲ့ သူတို့ရဲ့ မျက်လုံးကျန်းမာရေးအတွက်လည်း ပိုပြီးတော့ ကောင်းတယ်” ဟု ဒေါအောင်ဆန်းစုကြည်က ပြောသည်။

 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လာမည့် ၂၀၃၀ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်ချေးငွေအပြင် အခြားနိုင်ငံတစ်ကာ အဖွဲ့အစည်းများ၏ ချေးငွေဖြင့်လည်း အကောင်အထည်ဖော်လျက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly