တောင်သူလယ်သမား အရေးတော်ပုံစတင်သည့် ဒီဇင်ဘာ၂၂ ရက်ကို တောင်သူလယ်သမားနေ့ အဖြစ် ကျင်းပ

တောင်သူလယ်သမား အရေးတော်ပုံစတင်သည့် ဒီဇင်ဘာ၂၂ ရက်ကို တောင်သူလယ်သမားနေ့ အဖြစ် ကျင်းပ
ဓာတ်ပုံ -ထွန်းထွန်းဝင်း

တိုက်ကြီး၊ ဒီဇင်ဘာ ၂၂။     ။ ဆရာစံဦးဆောင်သည့် တောင်သူလယ်သမားအရေးတော်ပုံကြီး စတင်သည့် ဒီဇင်ဘာ ၂၂ ရက်နေ့ ကို မြန်မာနိုင်ငံတောင်သူလယ်သမားနေ့အဖြစ်  မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုး ရေးအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်( AFFM) က တိုက်ကြီးမြို့နယ် ရွှေဂျိုးဖြူ မြို့နယ်ခန်းမ တွင် ကျင်းပခဲ့သည်။

"နမိတ်ကောင်းဆောင်တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကို ကိုယ်စားပြုပြီး ကျင်းပရခြင်းဖြစ်ပါတယ်။ ၁၉၃၀ ပြည့်နှစ်တုန်းက ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ကိုယ့်မှာ ရှိတဲ့ဓား၊လှံ၊ လက်နက်တွေနဲ့ ဆရာစံ ဦးဆောင်တဲ့လယ်သမားတွေက အခွန်ကစလို့ အင်္ဂလိပ်အစိုးရကိုမကျေနပ်လို့ တော်လှန်ခဲ့တဲ့နေ့ ဒါကြောင့် လယ်သမားတွေကိုဂုဏ်ပြုရမယ့်နေ့ ၊ ဂုဏ်ယူရမယ့်နေ့ ဖြစ်တဲ့အတွက် နမိတ်ကောင်းဆောင်တယ် " ဟု မြန်မာနိုင်ငံတော်သူလယ်သမား နှင့်စိုက် ပျိုး ရေးအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ၏ ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောသည်။

အခမ်းအနား တွင် ကရင်ရိုးရာအက ၊ ရှမ်းရိုးရာအကတို့ ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး  တောင်သူလယ်သမားများ ၊ လွှတ်တော်ကိုယ်စားလှယ်များ ၊ အလုပ်သမားအဖွဲ့အစည်းမှ တာဝန်ရှိသူများတတ်ရောက်ခဲ့ကြသည်။

"တောင်သူလယ်သမားတွေရဲ့ဆန္ဒပါ။ လက်ရှိ မတ်လ ၂ရက်နေ့က တောင်သူလယ်သမားနေ့ ၊ ဦးနေဝင်းအာဏာသိမ်းခဲ့တဲ့နေ့ ၊တိုင်းပြည်အမှောင်ကျတဲ့နေ့ပါ။အဲဒီနေ့ကိုတောင်သူလယ်သမားနေ့လို့ သတ်မှတ်လိုက်တာက ဘယ် တောင်သူလယ်သမားများကမှ သဘောမကျဘူး " ဟု ပြည်သူလွှတ်တော် တောင်သူလယ်သမားနှင့်အလုပ်သမားေရးရာ ကော်မတီဥက္ကဋ္ဌ ဖြစ်သူဦးကျော်မြင့် က ပြောသည်။

တောင်သူလယ်သမားနေ့ ကိုမတ်လ ၂ရက်နေ့အစား ဒီဇင်ဘာလ ၂၂ ရက်သို့ ပြောင်းလဲ သတ်မှတ်ကျင်းပပြုလုပ်ရန ် မြန်မာနိုင်ငံတောင်သူလယ်သမားနှင့် စိုက်ပျိုးရေးအလုပ် သမားသမဂ္ဂများအဖွဲ့ချုပ်(AFFM) က  ပြီးခဲ့ သည့်နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

တောင်သူလယ်သမားများကို အသိမှတ်ပြုသည့်အားဖြင့် ယခင်က နှစ်စဉ် ဇန်နဝါရီလ ၁၇ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ကျင်းပပြုလုပ်ပေးခဲ့သော်လည်း ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းသည့် မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly