လေထုညစ်ညမ်းခြင်းကြောင့် သွေးတိုးဖြစ်လာနိုင်ခြေပိုများ

လေထုညစ်ညမ်းခြင်းကြောင့် သွေးတိုးဖြစ်လာနိုင်ခြေပိုများ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 

ညစ်ညမ်းတဲ့လေထုကိုရှူရှိုက်ရတာများတဲ့ အမျိုးသမီးတွေဟာသွေးတိုးရောဂါဖြစ်လာနိုင်ခြေ အရမ်းများတယ်လို့ စပိန်သုတေသနအသစ်တစ်ခုအရ သိရပါတယ်။

လေ့လာမှုအရ အိန္ဒိယနိုင်ငံအတွင်းကလေထုညစ်ညမ်းမှုဒဏ်အများဆုံးထိတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေဟာသွေးတိုးရောဂါအန္တရာယ်သိသိသာသာပိုများတာကိုတွေ့ရပါတယ်။

Epidemiologyဂျာနယ်မှာဖော်ပြခဲ့တဲ့ ဒီသုတေသနမှာ ဟိုင်ဒရာဘတ်မြို့အနီးကကျေးရွာ ၂၈ ခုဆီက လူဦးရေ ၅၅၃၁ ဦးကိုလေ့လာခဲ့တာဖြစ်ပါတယ်။

လေ့လာမှုမှာ ပါဝင်သူတွေရဲ့သွေးဖိအားကို တိုင်းတာခဲ့ပြီး သူတို့ရဲ့နေအိမ်တဝိုက်မှာလေထုတွင်းညစ်ညမ်းမှုန်ပါဝင်မှုညွှန်းကိန်းအဆင့်(PM2.5)နဲ့black carbon တို့နဲ့ နှစ်စဉ်ထိတွေ့မှုကို ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။

ပါဝင်သူတွေဟာ အိမ်မှာ ဘယ်လိုလောင်စာမျိုးသုံးပြီးချက်ပြုတ်သလဲဆိုတာတွေပါ အပါအဝင် သူတို့ရဲ့လူမှုရေး-စီးပွားရေးအနေအထား၊ ဘဝနေထိုင်မှုပုံစံနဲ့နေအိမ်အခြေအနေကိုဖော်ပြနိုင်ဖို့ စစ်တမ်းတွေဖြေဆိုရပါတယ်။

သိသိသာသာပါပဲ။ ပါဝင်သူအားလုံးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုထားတဲ့ ကျန်းမာရေးနဲ့ညီတဲ့ PM ညွှန်းကိန်းအတိုင်းအတာထက်10 µg/m³ကျော်လွန်ထိတွေ့ခဲ့တာဖြစ်ပါတယ်။လေ့လာမှုမှာ သတ်မှတ်ထားတဲ့ PM2.5 အဆင့်နဲ့ ထိတွေ့မှုပျမ်းမျှအဆင့်က33 µg/m3ဖြစ်ပါတယ်။

သွေးဖိအားတိုင်းတာမှုတွေအရ ပါဝင်သူတွေရဲ့ထက်ဝက်နီးပါး(၄၆ ရာခိုင်နှုန်း)ဟာ သွေးတိုးရှိနေတာတွေ့ရပြီး အတော်များများကရောဂါရှိတာမသိသေးသူတွေ၊သေချာမကုသသူတွေဖြစ်နေခဲ့ပါတယ်။

PM2.5 ထိတွေ့မှုမှာ 1µg/m3 ပိုများနေတာက အမျိုးသမီးတွေမှာ သွေးဖိအား ၄ ရာခိုင်နှုန်း မြင့်လာတာနဲ့ သိသိသာသာဆက်နွယ်နေတယ်လို့ တွေ့ရှိချက်တွေကဖော်ပြခဲ့ပါတယ်။ ဒီဆက်နွှယ်မှုမှာ အမျိုးသားတွေကတော့ ရာခိုင်နှုန်းပိုနည်းတာတွေ့ရပါတယ်။

သုတေသနအရဆိုရင် အိမ်မှာ ဘာလောင်စာနဲ့ပဲချက်ချက် အိမ်နားတဝိုက် လေထုညစ်ညမ်းမှုနဲ့ရေရှည်ထိတွေမယ်ဆို သွေးတိုးရောဂါဖြစ်နိုင်ခြေကို ပိုမြင့်စေတယ်လို့ ညွှန်ပြနေတာတွေ့ရပါတယ်။

လေထုညစ်ညမ်းမှုကြောင့်သွေးတိုးစေနိုင်တဲ့ အကြောင်းရင်းအချက်တွေထဲမှာ သွေးကြောလုပ်ဆောင်ချက်တွေကိုပြောင်းလဲစေနိုင်တဲ့ရောင်ရမ်းမှုနဲ့ ဓါတ်တိုးဖြစ်စဉ်တွေကြောင့်လည်း ပါဝင်တယ်လို့ သုတေသီတွေကပြောပါတယ်။

လေထုညစ်ညမ်းမှုဟာ အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်စေရုံသာမက နာတာရှည်ဝေဒနာများခံစားရစေခြင်း ၊ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ရောဂါရစေခြင်း ၊ နှလုံးရောဂါ ၊ ပန်းနာရင်ကျပ်ရောဂါ အပြင် အဆုတ်ကင်ဆာရောဂါဖြစ်ပွားစေခြင်းတွေအထိဖြစ်စေနိုင်ပါတယ်။ ဒီလိုအမှုန်အမွှားတွေကို ထိတွေ့ရှူရှိုက်ရတာများလာရင် အရွယ်မတိုင်မီသေဆုံးခြင်းကိုပါဖြစ်စေနိုင်တာ သိထားပြီးဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့စာရင်းဇယားတွေအရ လေထုညစ်ညမ်းမှုကြောင့်ဖြစ်လာရတဲ့ရောဂါတွေနဲ့လူသေဆုံးမှုနှုန်းက တစ်နှစ်ကိုလူပေါင်း ၃ သန်းလောက်ရှိပါတယ်။၂၀၁၂ ခုနှစ်မှာဆိုရင် လေထုညစ်ညမ်းမှုကြောင့်သေဆုံးသူ ၆.၅ သန်းအထိမြင့်တက်ခဲ့ဖူးပါတယ်။
ဒီအရေအတွက်ဟာ ကမ္ဘာတစ်ဝန်းလူသေဆုံးမှုရဲ့ ၁၁.၆ ရာခိုင်နှုန်း လောက်ရှိနေတာဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly