ဗစ်တိုးရီးယားအတွက် အမှန်တရား လမ်းစပြတ်ပြီး ကူကယ်ရာမဲ့နေဟု ဖခင်ဖြစ်သူ ရင်ဖွင့်

ဗစ်တိုးရီးယားအတွက် အမှန်တရား လမ်းစပြတ်ပြီး ကူကယ်ရာမဲ့နေဟု ဖခင်ဖြစ်သူ ရင်ဖွင့်

နေပြည်တော်(ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၉ခုနှစ်)။      ။ ဒက္ခိဏခရိုင်တရားရုံးက သံသယတရားခံ အောင်ကြီးကို တရားရှင် ပြန်လွှတ်ပေးလိုက်ပြီးနောက် တရားစွဲဆိုထားသည့် ယင်းအမှုမှာ ပြီးဆုံးသွားသဖြင့် ဗစ်တိုးရီးယား(အမည်ရင်းမဟုတ်)အတွက် အမှန်တရားမှာ လမ်းစပြတ်သွားကြောင်း ဖခင်ဖြစ်သူက ဖွင့်ဟလိုက်သည်။

“လောလောဆယ် ဆက်လုပ်ဖို့ကတော့ လမ်းစက ပြတ်နေတာပေါ့လေ။ လမ်းစ ပြတ်သွားတာပေါ့။ သမီးလေး အမှန်တရားပေါ်ပေါက်ဖို့အတွက် တရားရုံးမှာ ကိုအောင်ကြီးက လွတ်သွားပြီ။ တရားရှင်လွှတ်ပေးလိုက်ပြီဆိုတော့ ဆက်လည်း လုပ်ဖို့က လမ်းစပြတ်နေတယ်။ ကူကယ်ရာမဲ့နေတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ဗစ်တိုးရီးယား ကလေးငယ်၏ ဖခင်ဖြစ်သူက ဒီဇင်ဘာ ၂၁ရက်တွင် သတင်းထောက်အချို့ကို ပြောသည်။

နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးတွင် ခြောက်လခန့်ကြာ စစ်ဆေးကြားနာခဲ့သည့် ဗစ်တိုးရီးယားအမှုတွင် သံသယတရားခံအဖြစ် ဖမ်းဆီးခံထားရသည့် ကိုအောင်ကြီးကို ပြစ်မှုကျူးလွန်ကြောင်း အထောက်အထား မရှိသဖြင့် တရားရှင် ပြန်လွှတ်ပေးရန် ဒက္ခိဏခရိုင်တရားရုံးက ဒီဇင်ဘာလ ၁၈ရက်တွင် ဆုံးဖြတ်ခဲ့သည်။

တရားလိုပြသက်သေ ၂၆ဦးအနက် ၁၉ဦးကို စစ်ဆေးပြီးနောက် အောင်ကြီးကို စွဲချက်မတင်မီ ပြန်လွှတ်လိုက်ခြင်း ဖြစ်သည့်အတွက် ယင်းအမှုမှာ ပြီးသွားပြီဖြစ်ကြောင်းနှင့် နောက်ထပ် ရုံးချိန်းမရှိတော့ကြောင်း ဒက္ခိဏခရိုင်တရားရုံး၏ သတင်းပြန်ကြားရေးအရာရှိလည်းဖြစ်၊ ဒုတိယခရိုင်တရားသူကြီးလည်းဖြစ်သူ ဒေါ်ြဖူဝင်းလတ်က ဒီဇင်ဘာ ၂၀ရက်က ပြောဆိုထားသည်။

ထို့ကြောင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် “တရားရုံးမှာ ထွက်ထားတဲ့ သက်သေခံချက်တွေ၊ သက်မဲ့သက်သေ၊ လူသက်သေတွေအပေါ် အခြေခံပြီးတော့ ရဲတပ်ဖွဲ့ကနေ ဆက်လက်စုံစမ်းစစ်ဆေးရင်တော့ ပိုပြီး နီးစပ်မယ်ထင်တယ်” ဗစ်တိုးရီးယား ကလေးငယ်၏ ဖခင်က ပြောသည်။

ဒက္ခိဏခရိုင်ဒုတိယတရားသူကြီးကလည်း “နောက်ထပ်ပေါ်လာတဲ့ သက်သေခံချက်တွေ ရှိဦးမယ်၊ အဲ့လိုမျိုး ရှိတယ်ဆိုရင်တော့ ဆက်ပြီးတော့ တင်ပြပေးလို့ ရတာပေါ့။ အဲ့ဒီအခါကျရင် အောင်ကြီးရယ်မှ မဟုတ်ဘူး။ တစ်ခြားသူ ဆိုလို့ရှိရင်လည်း ဆက်ပြီးတော့ ဆောင်ရွက်လို့တော့ ရတာပေါ့” ဟု ဆိုသည်။

သို့သော် အောင်ကြီးကို တရားရုံးက တရားရှင်ပြန်လွှတ်ပေးပြီး နောက်တစ်ရက်အကြာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မူ အောင်ကြီးကို ပြန်လွှတ်ပေးသည်မှာ စောနေသေးကြောင်းနှင့် တရားရုံးစီရင်ချက်အပေါ် မူတည်ပြီး ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားမည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောဆိုထားသည်။

တရားရုံးဘက်ကမူ ၎င်းတို့၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အဆင့်မြင့်တရားရုံး(တိုင်းတရားလွှတ်တော်)တွင် နှစ်လအတွင်း ပြင်ဆင်ချက် တက်နိုင်သည်ဟု ဆိုသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည်ဟု ဆရာဝန်များက အတည်ပြုထားသော နေပြည်တော်က အသက်သုံးနှစ်အရွယ် ကလေးငယ် အပါအဝင် သူ့မိဘများ၏ အမည်နှင့် အထောက်အထားများကိုပါ ထုတ်ပြန်လိုက်သည့် ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများလည်း ရှိနေသည်။

ရဲတပ်ဖွဲ့က ထိန်းချုပ်ထားသော ‘ရဲဇာနည်’ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဒီဇင်ဘာလ ၁၉ရက်၊ ညနေ ငါးနာရီခွဲခန့်က “Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သော အမှုနှင့် ပတ်သက်သည့် အထောက်အထားများ” ခေါင်းစဉ်ဖြင့် ဓာတ်ပုံရှစ်ပုံ တင်ခဲ့ပြီး ထိုအထဲတွင် နစ်နာသူ ကလေးငယ်နှင့် သူ့မိဘများ၏ အမည်၊ နေရာလိပ်စာနှင့် အလုပ်အကိုင်တို့ကိုပါ အသေးစိတ် ဖော်ပြခဲ့ပြီး လူမှုကွန်ယက်သုံးစွဲသူ အများအပြားက ဝေဖန်ထောက်ပြမှု များလာချိန်မှ ပြန်ဖြုတ်သွားခဲ့သည်။

ယင်းလုပ်ရပ်သည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ချိုးဖောက်သဖြင့် ဥပဒေကြောင်းအရ တုံ့ပြန်ရန် ဗစ်တိုးရီးယား၏ ဖခင်က ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများနှင့် တိုင်ပင်၊ ဆွေးနွေးလျက် ရှိသည်။

နောက်ဆက်တွဲ အနေဖြင့်လည်း ဗစ်တိုးရီးယားအတွက် အမှန်တရားနှင့် တရားမျှတမှုအတွက် တောင်းဆိုဆန္ဒပြပွဲများကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် လာမည့် ဒီဇင်ဘာ ၂၃ရက်တွင် အသီးသီး ပြုလုပ်သွားရန် ရှိနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly