မာန်အောင်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး စိုးရိမ်စရာမရှိဟုဆို

မာန်အောင်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး စိုးရိမ်စရာမရှိဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၉။            ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာသည့် မာန်အောင်မြို့တွင် ရီမုမိုင်း (၃) လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း တပ်မတော်ဘက်မှ အပြင်စည်း လုံခြုံရေး ယူပေးထားခြင်းကြောင့် စိုးရိမ်စရာ မရှိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက မဇ္ဈိမသို့ ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မရောက်သေးမီ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်က ရီမုမိုင်း (၃) လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ကျွန်တော်တို့ကတော့ အပြင်စည်း ယူပေးထားတာ ခင်ဗျ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေး ယူပေးထားပါတယ်။ နေရာတော့ပြောလို့ မရဘူး မရှိဘူးခင်ဗျ။ လုံခြုံရေး ဘာမှ စိုးရိမ်စရာမရှိဘူး”ဟု ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲသည့် နေရာမှာ မာန်အောင်ဟိုတယ်အထွက်နား ကားလမ်းမပေါ်တွင် ဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးက မဇ္ဈိမသို့ ပြောသည်။

၎င်းက “ အခု ပြန်တောင် ပြန်ကာနီးပြီ ခရီးစဉ်က ပြီးကာနီးနေပြီ၊ ဘာမှ စိုးရိမ်စရာ မရှိပါဘူး”ဟု ဒီဇင်ဘာ ၁၉ ရက်နံနက် ၁၀ နာရီ ခွဲခန့်တွင် ဖြေခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် ရောက်ရှိနေသည့် ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်နှင့် လွှတ်တော်အမတ် တချို့အား ဆက်သွယ်သော်လည်း အဆက်အသွယ် မရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည်သည် မာန်အောင်မြို့ရှိ အစိုးရပိုင် “ဆိုလာ” စနစ် ဓာတ်အားပေး စက်ရုံကို တက်ရောက်ကာ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ယင်းနောက် နယ်ခံလူထုနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံကို တောင်ကိုးရီးယားနိုင်ငံ အခြေစိုက် Posco Daewoo ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ကာ မာန်အောင်မြို့ပေါ်ရှိ ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၂ ခုကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly