မြိတ်ကျွန်းစုခရီးသွားများကို ပျော်ရွှင်အောင် ဖန်တီးပေးသူ ရေကြောင်းလမ်းညွန်သူ ဦးမွန်ကြီး ဆုံးပါး

မြိတ်ကျွန်းစုခရီးသွားများကို ပျော်ရွှင်အောင် ဖန်တီးပေးသူ ရေကြောင်းလမ်းညွန်သူ ဦးမွန်ကြီး ဆုံးပါး
  သေဆုံးသွားသော ရေကြောင်းလမ်းညွန်သူ ကိုမွန်ကြီး။ ဓာတ်ပုံ- ဒီမိုးသွေး(မြိတ်)

မြိတ်၊ ဒီဇင်ဘာ (၁၆) ။        ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ခရီးသွား လုပ်ငန်းအကြား ခရီးသွား ဧည့်သည်များကို အမြဲတမ်း ပျော်ရွှင်အောင် ဖန်တီးပေးတတ်သူ Marine Guide တစ်ဦး ဖြစ်သော ဦးမွန်ကြီး (ခ) ဦးလှိုင်ရှိန်သည် ဒီဇင်ဘာလ ၁၅ ရက်က ၎င်း၏ ကုမ္ပဏီရုံးခန်းအတွင်း ကျန်းမာရေး အခြေအနေကြောင့် ဆုံးပါးသွားကြောင်း သိရသည်။

ဦးမွန်ကြီး (ခ) လှိုင်ရှိန်သည် မြိတ်ဖူးပွင့်ခရီးသွားကုမ္ပဏီတွင် လွန်ခဲ့သော သုံးနှစ်ခန့်က စတင်၍ စကားပြန်အဖြစ် လုပ်ကိုင်ပေးနေသူဖြစ်ပြီး ရေကြောင်းလမ်းညွန့်အဖြစ်လည်း လုပ်ကိုင်နေသူဖြစ်ကြောင်း၊ ရုံးခန်းတွင် ညအိပ် ညနေ နေထိုင်သူလည်း ဖြစ်ကြောင်း ထိုကုမ္ပဏီထံက သိရသည်။

မြိတ်ဖူးပွင့် ခရီးသွား ကုမ္ပဏီမှ မန်နေဂျာ ဦးဇော်ဦးက “ဦးမွန်ကြီးက အခန်းအတွင်း အိမ်နေစဉ် ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် ပိုင်းက အော်ခေါ်ရာမှ တုန့်ပြန်သံ  မကြားသလို ရုံး ခန်း အနောက်ဘက် ပြတင်းပေါက်ကို ဖျက်ဆီးပြီး ဝင်ကြည့် တော့ ရုံးခန်းအတွင်း တမံတလင်း ကြမ်းခင်း အိပ်ယာထဲမှာ ပက်လက် အနေအထားနဲ့ သေဆုံးနေတာ တွေ့ရပါတယ်၊ နောက်ပြီး သူအိပ်ယာ နံဘေးမှာ လေပန်ကာ နှစ်လုံး ဖွင့်လျက် တွေ့တယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ ဦးမွန်ကြီး (ခ) ဦးလှိုင်ရှိန်မှာ ကျန်းမာရေး မကောင်းဖြစ်နေသည့်အတွက် ဒီဇင်ဘာလ ၁၄ ရက်နေ့က ကျွန်းခရီး စဉ်ကို ဧည့်သည်များအား ပို့ဆောင်နိုင်ခြင်းမရှိဘဲ ခွင့်ယူထားသည်။ ထို့နောက် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ရုံးခန်းအတွင်း တစ်ယောက်တည်း ပန်ကာ ၂ လုံးဖွင့်ကာ အိပ်လျက် သေဆုံးနေကြောင်း ခရီးသွားကုမ္ပဏီ အသိုင်းဝိုင်းထံမှ သိရသည်။

မြိတ်ကျွန်းစု၏ ခရီးသွား ကုမ္ပဏီလုပ်ငန်းများအကြား ဦးမွန်ကြီး (ခ) ဦးလှိုင်ရှိန်မှာ ခရီးသွား ဧည့်သည်များ အားလုံးကို အမြဲ ပျော်ရွှင်အောင် စွမ်းဆောင်နိုင်သူ၊ ခရီးသွား ကုမ္ပဏီများ အားလုံးနှင့် ဝန်ထမ်းအားလုံးကို နောက်ပြောင် တတ်သူဖြစ်၍ ချစ်ခင်သူများကြောင်း သိရသည်။

ဦးမွန်ကြီး (ခ) လှိုင်ရှိန် သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် စုံစမ်း စစ်ဆေးလျက်ရှိနေပြီး မြိတ် မြို့မ ရဲစခန်းမှ (၇၄/၂၀၁၉) ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

သေဆုံးသွားသူ ဦးမွန်ကြီး (ခ) ဦးလှိုင်ရှိန် အသက် (၅၂) နှစ်သည် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မြိတ်မြို့၊ ကလွင်ဘာသာစုံ သုဿန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly