လာမည့်နှစ်အတွင်း အိမ်အကူဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေ

လာမည့်နှစ်အတွင်း အိမ်အကူဆိုင်ရာဥပဒေ ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ။           ။ လာမည့် ၂၀၂၀ ခုနှစ်အတွင်း ပြည်တွင်း/ပြည်ပရှိ အိမ်အကူအလုပ်သမားများအတွက် အိမ်အကူဆိုင်ရာဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေကြောင်း အမျိုးသားလွှတ်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်း/ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ဉက္ကဋ္ဌဖြစ်သူ ဦးကျော်ထွေးက ပြောသည်။

အဆိုပါ ဥပဒေကြမ်းကို ကော်မတီမှနေ၍ ပြင်ဆင်ရေးဆွဲပြီးသားဖြစ်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဆွေးနွေးနေသည့် အဆင့်အထိ ရောက် နေပြီဖြစ်ကြောင်းလည်း သိရသည်။

ဦးကျော်ထွေးက “ ကော်မတီကတော့ လုံးထားပြီးသားရှိတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနက အဓိကပေါ့နော်။ အစိုးရဘက်က ကြပ်မတ် တဲ့ အဖွဲ့အစည်းတွေက အကြံပြုချက်တွေ လိုတယ်။ နောက် အရပ်ဖက် အဖွဲ့အစည်းတွေ၊ နောက်ပြီး အိမ်အကူ လုပ်သားတွေ ကိုယ် တိုင်ရဲ့ အကြံပြုချက်တွေ၊ တစ်ယောက်နဲ့ တစ်ယောက် အတွေးတွေ မတူကြဘူး။ မိသားစု တစ်ခုချင်းလည်း မတူကြဘူး။ အဲ့တော့ ပြောရ တာတော့ ခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်ထင်ပါတယ်။ ရှေ့နှစ် ပထမ ခြောက်လအတွင်းတော့ တင်နိုင်မယ် ထင်ပါတယ်” ဟု ပြော သည်။

ဉပဒေကြမ်းကို ရေးဆွဲရသည်မှာ အိမ်အကူများအနေဖြင့် လုပ်သားအခွင့်အရေး အပြည့်အဝ ရရှိနိုင်ရန်နှင့် အိမ်ရှင်များ အနေဖြင့်လည်း မိမိ လုပ်သားများအပေါ် စိတ်ချပြီး တာဝန်ပေးနိုင်ရန်အတွက် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။

သို့သော်လည်း လုပ်ခလစာနှင့် ပက်သက်၍ နစ်နာမှုများ မဖြစ်ပေါ်စေရန်လည်း ဆွေးနွေးမှုများပြုလုပ်နေပြီး အိမ်အကူလုပ်သားများ၏ ရပိုင်ခွင့်နှင့် အိမ်ရှင်များ၏ ရပိုင်ခွင့်များကိုလည်း ထည့်သွင်း ဆွေးနွေးနေကြောင်း သိရသည်။

အနာဂတ်အလင်းတန်း ဆုံမှတ်အဖွဲ့မှ ဒေါ်သက်သက်အောင်က “ ၁၉၅၁ ဥပဒေလိုမျိုး၊ အနည်းဆုံး အခကြေးငွေလို ဥပဒေမျိုး တကယ့် ကို အလုပ်သမား ရပိုင်ခွင့်ဥပဒေတွေထဲမှာကျ အိမ်အကူရဲ့ ရပိုင်ခွင့်က မရနိုင်ဘူး ဖြစ်နေတယ်။ အဲတော့ အိမ်အကူသည် ထူးခြားသည့် ဝိသေသနဲ့ ထူးခြားတဲ့ လက္ခာရှိတယ်။ အိမ်အကူသည်လည်း အလုပ်သမား ဖြစ်တယ်။ အဲတော့ အိမ်အကူတွေအတွက် သီးခြားဥပဒေ တစ်ခု လိုအပ်နေလို့ပဲ တောင်းဆိုမှုတွေ ရှိပါတယ်” ဟု ပြောသည်။

နိုင်ငံရပ်ခြားများသို့ အိမ်အကူများ ပို့ဆောင်ရာတွင်လည်း လက်ရှိအချိန်ထိ စက်ရုံလုပ်သားများကဲ့သို့ MoU သဘောတူ စာချုပ်မျိုး ချုပ်ဆို ၍ ပို့ဆောင်မှုမျိုး မရှိကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ပြည်ပတွင်သာမက ပြည်တွင်းတွင်လည်း အင်းဝအမှုနှင့် ဒေါ်ကရင်မ အမှုကဲ့သို့ အလားတူ နစ်နာမှုများ ရှိနေပြီး အိမ်ရှင် တချို့မှာလည်း နစ်နာမှုများ ရှိနေသောကြောင့် အိမ်အကူဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးရန်လိုအပ်နေပြီဟု သိရသည်။

လက်ရှိ ရေးဆွဲထားသည့် ဥပဒေကြမ်းထဲတွင် ပြည်တွင်း/ ပြည်ပရှိ အိမ်အကူများအတွက်အပြင် အိမ်အကူ ဝန်ဆောင်မှု လုပ်ဆောင်နေ သည့် အဖွဲ့အစည်းများ အတွက်ပါ ထည့်သွင်း ရေးဆွဲနေကြောင်းလည်း သိရသည်။

အဆိုပါ ဥပဒေကို လာမည့်နှစ် ပထမ ခြောက်လပတ်ထဲမှာ လွှတ်တော်သို့ တင်ပြ အတည်ပြုနိုင်ရန် လုပ်နေသည်ဟု အမျိုးသား လွှတ်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်း/ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ ဉက္ကဋ္ဌဖြစ်သူ ဦးကျော်ထွေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly