ဘောလုံးကန်ခြင်းရဲ့ အသိသာဆုံး အကျိုးကျေးဇူး (၉) ချက်

ဘောလုံးကန်ခြင်းရဲ့ အသိသာဆုံး အကျိုးကျေးဇူး (၉) ချက်

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဘောလုံးအားကစားက လူကြိုက်များလား၊ မများလား နိုင်ငံတကာက ဘောလုံးပရိသတ်အင်အားကိုသာ ကြည့်ပါ။ ဘောလုံးပွဲဟေ့ဆို ထိုင်ရာမထစတမ်း စုဝေးကြည့်ကြ၊ တစ်နိုင်ငံလုံးနီးပါး အားပေးလိုက်ကြတာမျိုး။ ကိုယ့်နီးစပ်ရာ ဘောလုံးအားကစားကွင်းလေးတွေမှာလည်း အားတဲ့အချိန် အပျော်တမ်းစုကစားကြပါသေးတယ်။

ဒီဘောလုံးကစားနည်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက် သိပ်အကျိုးပြုနိုင်တယ်ဆိုတာရော သိထားပြီးပြီလား။ အပျော်တမ်းအဖြစ်နဲ့ ကလေး၊ လူကြီး အတူကစားလို့တောင်ရတဲ့ ဒီကစားနည်းက တကယ်ကို အကျိုးကျေးဇူးများပါတယ်နော်။
(၁) သက်လုံကောင်းစေတယ်

ဘယ်နှုန်းနဲ့ပဲဖြစ်ဖြစ် မိနစ် ၉၀ လောက်ပြေးနေဖို့ဆိုတာ သက်လုံကောင်းမှ၊ အမောခံနိုင်မှ ဖြစ်မှာပါ။ ကစားနေချိန်အတွင်း ဖြည်းဖြည်းလှုပ်ရှားလိုက်၊ ပြေးလိုက်၊ မြန်မြန်ပြေးလိုက်နဲ့ သက်လုံကောင်းဖို့ အလေ့အကျင့်ဖြစ်စေနိုင်ပါတယ်။ ဘောလုံးကစားလေ့ရှိသူက ပုံမှန်ထက် ပိုပြီး အမောခံနိုင်ပါတယ်။
(၂) နှလုံးသွေးကြောကျန်းမာရေး ပိုကောင်းစေတယ်

ဘောလုံးကစားသူက ပုံမှန်လမ်းလျှောက်တာ၊ ခပ်ရွရွပြေးတာ၊ အားစိုက်ပြေးတာ တို့ကြောင့် နှလုံးခုန်နှုန်းကိုမြန်စေပြီး နှလုံးအတွက်လေ့ကျင့်ခန်းဖြစ်စေပါတယ်။ ဒီလိုပုံမှန်လှုပ်ရှားမှုက နှလုံးကို အားကောင်းစေပြီး သွေးလွှတ်ကြောတွေထဲက အဆီချေးတွေကို ချေဖျက်ပေးနိုင်တယ်၊ သွေးဖိအားကို ကျစေတယ်၊ ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။
(၃) အဆီကျပြီး ကြွက်သားကျစ်စေတယ်

ဘောလုံးကန်ခြင်းက ကြွက်သားနဲ့ နှလုံးကို လုပ်ဆောင်ချက်ဖြစ်စေတာဖြစ်တဲ့အတွက် အဆီတွေလောင်ကျွမ်းစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကြွက်သားတည်ဆောက်မှုကို ပိုကောင်းစေပြီး လှုပ်ရှားမှုတိုင်းမှာ အဆီပိုတွေကို လောင်ကျွမ်းစေတာကြောင့် အမျိုးသားတွေ အဆီကျကျစ်လျစ်ဖို့ အထိရောက်ဆုံးအားကစားထဲမှာ ပါဝင်ပါတယ်။
(၄) အရိုးသန်မာစေတယ်

လူတွေက အသက်ကြီးလာတာနဲ့အမျှ အရိုးကျန်းမာရေးက ကျဆင်းအားနည်းလာတတ်ပါတယ်။ ဘောလုံးကစားနည်းက ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီညီလှုပ်ရှားမှုနဲ့ လေ့ကျင့်လှုပ်ရှားမှုကြောင့် အရိုးဖွဲ့စည်းမှုကို ပိုကျန်းမာစေပါတယ်။
(၅) လှုပ်ရှားလုပ်ဆောင်မှု စည်းဝါးကိုက်ညီစေတယ်

ဘောလုံးကို ကိုယ့်ခြေထဲမှာ ထိန်းနိုင်ဖို့ လမ်းလျှောက်တာ၊ ပြေးတာ၊ အမြန်ပြေးတာတွေ ကြားမှာ လိုသလို ပြောင်းလဲလှုပ်ရှားနိုင်ဖို့ စည်းဝါးကိုက်ညီမှုက အဓိကအရေးကြီးပါတယ်။ အချိုး၊အကွေ့၊ အလိမ်၊ ဂိုးသွင်း၊ ဂိုးဖမ်းတာတွေမှာလည်း မျက်စိနဲ့ ခြေလက်လှုပ်ရှားမှုက အချိတ်အဆက်မိနေမှဖြစ်မှာပါ။ ဒီလိုအလေ့အကျင့်ကနေ အာရုံစိုက်နိုင်စွမ်းနဲ့ စည်းဝါးကိုက်ညီမှုကို ပိုကောင်းစေပါတယ်။
(၆) အသင်းအဖွဲ့လိုက်လုပ်ဆောင်မှု ပိုကောင်းစေတယ်

တစ်ဦးချင်းစွမ်းရည်ထက် အသင်းအဖွဲ့လိုက် ရလဒ်ကောင်းအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ကျင့်သားရလာပါမယ်။ အဖွဲ့သားတွေနဲ့ ဘယ်လို အချိတ်အဆက်မိအောင် လှုပ်ရှားမလဲဆိုတဲ့ သော့ချက်ကို အသုံးချနိုင်လာတာ  အကောင်းဆုံးပါပဲ။
(၇) ဦးနှောက်စွမ်းဆောင်ရည် ပိုကောင်းလာမယ်

အခြေအနေကို မူတည်ပြီး ချက်ချင်းပြောင်းလဲလှုပ်ရှားရတဲ့အခါ အာရုံစူးစိုက်နိုင်စွမ်း၊ ကိုယ့်ကိုယ်ကို ကြပ်မတ်ထိန်းသိမ်းနိုင်စွမ်း၊ ဆုံးဖြတ်ချက်မြန်မြန်ချမှတ်နိုင်စွမ်းတို့မှာ အရည်အချင်းတိုးတက်လာပါမယ်။ အနိုင်ရဖို့ ဘယ်လိုဗျူဟာနဲ့ ဘယ်လိုလှုပ်ရှားမယ်ဆိုတာ ကွက်တိလုပ်ဆောင်နိုင်ပါလိမ့်မယ်။
(၈) ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာစေတယ်

ဘောလုံးကန်ခြင်းက ကိုယ်ခန္ဓာကြံ့ခိုင်စေရုံပါမက ကစားသမားရဲ့စိတ်ကိုလည်း ကျန်းမာကြံ့ခိုင်စေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့  ဆုံးဖြတ်နိုင်စွမ်းတွေတိုးတက်လာတာက လုပ်ဆောင်နိုင်စွမ်းတွေမှာ သိသိသာသာ ကောင်းမွန်စေပါတယ်။ စိတ်ဓာတ်ကျနေသူတွေမှာပါ ဘောလုံးကစားရင်း ပြန်လည်တက်ကြွလာတာတွေ ဖြစ်စေနိုင်ပါတယ်။
(၉) ကိုယ်ခံအားကို ကောင်းစေတယ်

ဘောလုံးကန်ရင်း လှုပ်ရှားလေ ကျန်းမာကြံ့ခိုင်လေမို့ ကိုယ်ခံအားပိုကောင်းစေတယ်၊ ရောဂါပိုးတွေ ခုခံနိုင်စွမ်းပိုကောင်းစေပါတယ်။

ဘောလုံးကစားနည်းက ငွေကုန်ကြေးကျလည်းမများ၊ ကန့်သတ်ချက်လည်းမများတဲ့ အားကစားတစ်မျိုး ဖြစ်တဲ့အတွက် အပျော်တမ်းအနေနဲ့ရော၊ ကျန်းမာရေးအတွက်ပါ ကလေးလူကြီး အရွယ်မရွေး လူတိုင်းပါဝင်ကစားနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly