တရားမဝင်ကျားဖောင်တွေက လူ့အခွင့်အရေးချိုးဖောက်မှုရဲ့ အဓိကလက်သည်လား

တရားမဝင်ကျားဖောင်တွေက လူ့အခွင့်အရေးချိုးဖောက်မှုရဲ့ အဓိကလက်သည်လား

ရန်ကုန်၊ ဒီဇင်ဘာ ၂ ။           ။ လုပ်သားတွေအပေါ် ဖိနှိပ်မှုလုပ်တယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာ ကျားဖောင်လုပ်ငန်းမှာ တရားမဝင်ကျားဖောင်ဆိုတာ ရှိပြန်သေးပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနရဲ့ သတ်မှတ်ချက်အရ ငါးဖမ်းစက်လှေတစ်စီးပိုင်ရင် ကျားဖောင် ရှစ်ဖောင်အထိ လုပ်ကိုင်ခွင့်ရပါတယ်။ ဒါပေမယ့် တစ်ချို့တွေက သတ်မှတ်ချက်ထက်ပိုပြီး ကျားဖောင်တွေထူထောင်ထားတာကို တရားမဝင် ကျားဖောင်တွေလို့ ပြောတာဖြစ်ပါတယ်။

ငါးလိုအပ်ချက်ပိုလာတာကနေ ငါးပိုမိုရရေးဖမ်းဆီးနိုင်ဖို့ ကျားဖောင်တွေ ပိုထူထောင်လိုလာကြပါတယ်။ ဒါပေမယ့် ငါးအရင်းအမြစ်ကိုထိန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့ ငါးလုပ်ငန်းက ငါးဖမ်းစက်လှေတွေလိုင်စင်ထုတ်ပေးတာကို အကန့်အသတ်ပြုထားပါတယ်။

အဲဒီမှာ ငါးဖမ်းစက်လှေလိုင်စင်တွေိကို ထပ်မထုတ်ပေးတော့တာကြောင့် တချို့လုပ်ငန်းရှင်တွေက သတ်မှတ်ဖောင်ထက်ပိုပြီး တရားမဝင်လုပ်ကိုင်လာတာတွေဖြစ်လာပါတယ်။

နောက်ဆက်တွဲအနေနဲ့ ကျားဖောင်လုပ်သားလိုအပ်ချက်က ပိုမြင့်လာပြီး အလုအယက်ရှာလာရာမှာ လူကုန်ကူးမှုတွေပါ ပါလာပါတော့တယ်။

“ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောမယ်နော် လုပ်သားရှားပါးတာ။ တရားမဝင်တွေများလို့ဗျ။ တရားဝင်ငါးဖမ်းခွင့်ပြု ထားတဲ့ ဖောင်အရေ အတွက်ထက်ပိုပြီးတော့ဖမ်းတယ်။ ဉပမာတရားဝင် ၈ ဖောင်ဖမ်းခိုင်းတယ်။ ၁၆ ဖောင်လောက် လုပ်နေ တယ်။ တရားဝင် အလုပ်လုပ်ရမယ့် အလုပ်သမားဦးရေက ၃၀ လေ ၈ ဖောင်ဆို။တရားမဝင်က ၈ ဖောင် ထပ်တိုးထားတယ်။ ၁၆ ဖောင် လောက် ဖြစ်နေတယ်။ စည်းကမ်းအရ စနစ်တကျသွားမယ်ဆိုရင် ဒီလုပ်သားရှားပါးတဲ့ ပြဿနာက ပြေလည်သွား မှာပါ ” လို့ နောက်မီး ကျေးရွာက ကျားဖောင် လုပ်ငန်းရှင် ကိုသန်းနိုင်ကပြောပါတယ်။

လူခေါ်ပွဲစား (ခေါ်) လူမှောင်ခိုကိစ္စ
ဒီလိုလုပ်သားရှားပါးလာတာကြောင့် အရပ်အခေါ် အလုပ်သမားကိုယ်စားလှယ်လို့ခေါ်တဲ့ လူခေါ်ပွဲစားတွေကနေတစ်ဆင့် အလုပ်သမားတွေ စုဆောင်းလာပါတယ်။

“မောင်ဖြူ၊ မောင်နီ ကတော့ ကျွန်တော်အမျိုးပါဆိုတာ ခိုင်လုံတဲ့ လက်ခံနိုင်စရာမျိုးတော့မဟုတ်ဘူးပေါ့။ သို့သော်လည်း လုပ် ငန်း အောင် မြင်မှုအတွက် ဒီအဆင့်နဲ့တော့ လုပ်နေရတယ်ဆိုတဲ့အကြောင်းလေးကိုဖြေချင်ပါတယ်” လို့ ဖျာပုံခရိုင်ရေလုပ်ငန်းအဖွဲ့ ဉက္ကဋ္ဌ ဦးသံချောင်းကပြောပါတယ်။

ကျားဖောင်ပေါ်မှာ အလုပ် လုပ်ကိုင်မယ့်သူကိုယ်တိုင်က ဒီလူပွဲစားတွေကို မိမိ၏ အစ်မ၊ အစ်ကို၊ ဦးလေး ဒါမှမဟုတ် ဆွေမျိုး  တော်စပ်ကြောင်းပြောပြီး လုပ်ငန်းရှင်တွေဆီက ကြိုတင်ငွေတွေကိုပေးချေခိုင်းကြတယ်လို့ လုပ်ငန်းရှင်တွေဘက်ကပြောပါတယ်။

ဒါကြောင့် ကျားဖောင်လုပ်ငန်းခွင်ကလုပ်သားခေါ်ယူမှုပုံစံဟာ လူခေါ်ပွဲစားတွေကနေခေါ်ဆောက်လာသူတွေကို ပင်လယ် လွှတ်ဖို့ ဆွဲခေါ်ထားကြတဲ့အနေအထားလည်းဖြစ်နေပါတယ်။

“ လုပ်ငန်းရှင်ကတော့ လူမှောင်ခိုလုပ်မှာလို့တော့မဆိုလိုဘူး။ သူတို့ကတော့ တန်ရာ တန်ကြေးပေးလိုက်ပြီလေ။ လက်မှတ်ထိုး ပြီးယူသွားတော့ ပေးရဲတယ်လေ။ အဲ့ပင်လယ်လုပ်တဲ့ကောင်တွေက ပိုက်ဆံလည်းမရဘူး။ မိသားစုကိုလည်းမပေးရဘူး ပင် လယ်ထဲမှာ ဆဲလိုက် တုတ်လိုက်နဲ့ အရိုက်ကခံရသေးတယ်” လို့ ကျားဖောင်လုပ်သက် နှစ် ၂၀ ကျော်ရှိတဲ့ ဒေါ်ညိမ်းကျေးရွာ ဒေသခံ ကိုဖိုးဇော်လေးက မဇ္ဈိမကိုပြောပါတယ်။

အဲ့လိုမျိုး အလုပ်သမားလာပြီးပို့ဆောင်ပေးတဲ့ လူခေါ်ပွဲစားတွေကို လုပ်ငန်းရှင်တွေဘက်က ရင်းနှီးသိရှိထားတာမျိုး လည်း မရှိဘူးလို့ ကျားဖောင်လုပ်ငန်းရှင်တွေကပြောပါတယ်။
လုပ်ငန်းခွင် အခြေအနေကဘယ်လိုလဲ

လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကစပြီး အကျိုးအမြတ်များတာကြောင့် ကျားဖောင်လုပ်ငန်းတွေကို ဖျာပုံခရိုင်က ရွာတွေမှာစတင် လုပ်ကိုင်လာ ကြပါတယ်။

ပထမက ရေလုပ်ငန်းကျွမ်းကျင်တဲ့ ဒေသခံတွေပဲ လုပ်ကိုင်ခဲ့တာဖြစ်ပြီး တစ်ဦးနဲ့ တစ်ဦးလည်း သိကျွမ်းသူတွေလည်း ဖြစ်တာကြောင့် ဘာပြဿနာ မှလည်းမရှိခဲ့ကြပါဘူး။ ဒါပေမယ့် လုပ်ငန်းတွေ ချဲ့ထွင်လာခဲ့ပြီးတဲ့နောက်မှာ တော့ ပြင်ပက လုပ်သားတွေပါ ပါဝင်လာခဲ့ကြတာပါ။

အခုဆိုရင် ကျားဖောင်လုပ်သားအများစုဟာ ရန်ကုန်မြို့အပြင် အညာဒေသနှင့် မြန်မာပြည်နယ်အနှံ့က နေထိုင်သူတွေ လုပ်ကိုင်နေကြ တယ်လို့သိရပါတယ်။

လုပ်ငန်းလိုအပ်ချက်အရ ကျားဖောင်တွေဟာ ကမ်းစပ်ကနေ အနည်းဆုံး ၁၅ မိုင်ဝေးတဲ့နေရာနေစပြီး မိုင်း ၁၀၀ လောက် အထိမှာရှိကြပြီး လနဲ့ချီ နေထိုင်ပြီး သွားရောက်လုပ်ကိုင်နေ ကြတာလည်းဖြစ်ပါတယ်။
ကျားဖောင်တစ်ခုမှာ ပုံမှန်အားဖြင့် ထောင်ဦးစီးတစ်ယောက်နဲ့ လုပ်သား နှစ်ယောက်ရှိပြီး တစ်ရက်ကို ရေသေ၊ ရေထ အချိန် ပေါ်မူတည်ပြီး နာရီပေါင်းများ စွာလုပ်ကိုင်ကြရတာပါ။

ကျားဖောင်တွေပေါ်က ထောင်ဦးစီးတွေကို အုပ်ချုပ်တဲ့ ဖောင်ဦးစီးချုပ်တစ်ယောက်နဲ့ လက်ထောက်ဖောင်ဦးစီးတို့က ကုန်း ပေါ်မှာရှိတဲ့ လုပ်ငန်းရှင်နဲ့ချိတ်ဆက်ပြီး ကျန်တဲ့လုပ်သားတွေကို အုပ်ချုပ်ရတာလည်းဖြစ်ပါတယ်။
ကျားပိုက်ဆွဲရာကနေ ရရှိလာတဲ့ ပုဇွန်၊ ငါးတွေကို အကြီးအသေးအပေါ်မူတည်ပြီး ငါးခွဲ၊ ဆားနယ်၊ နေလှမ်း လုပ်ရတဲ့ လုပ်ငန်း ခွင်ပါ။

လုပ်ခလစာအနေနဲ့ ပုံသေလစာ တစ်သိန်းဝန်းကျင်အပြင် ငါးခြောက်၊ ပုဇွန်ခြောက်တွေရရှိမှုအပေါ်မူတည်ပြီး ရာခိုင်နှုန်းနဲ့ ခံစားခွင့်ပြုထား တယ်လို့လည်း လုပ်ငန်းရှင်တွေကပြောပါတယ်။

လုပ်ငန်းကို ရာသီအလိုက်လုပ်ကိုင်ရတာဖြစ်ပြီးတော့ ဩဂုတ်လလောက်မှာ လူစုဆောင်းပြီးတော့ စက်တင်ဘာလ အရောက် မှာ ပင်လယ် ပြင်ကိုစတင်ထွက်ခွာပြီး ဧပြီလလောက်အထိ ၇ လ၊ ၈ လ ကြာနေထိုင်လုပ်ကိုင်ကြရတာဖြစ်တယ် လို့လည်း သိရပါတယ်။

ဘယ်လိုလူတွေလုပ်ကိုင်ကြသလဲ
ကျားဖောင်လုပ်ငန်းကိုလာရောက်လုပ်ကိုင်သူအများစုဟာ ပညာမသင်ကြားဖူးသူတွေ၊ ဒုစရိုက်လုပ်ငန်းကိုလုပ်ပြီး ရှောင်ရှား လာတဲ့သူတွေ၊ အရက်စွဲသူတွေ၊ ဆေးစွဲသူတွေလာရောက်လုပ်ကိုင်ကြတဲ့အပြင် ငွေကြေးလိုအပ်ချက်အရလာရောက်လုပ်ကိုင်ကြတဲ့ အတန်း ပညာတက်တွေလည်းပါရှိတယ်လို့လည်း ဖျာပုံခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဉက္ကဋ္ဌ ဦးသံချောင်းကပြောပါတယ်။

ဒီလိုလုပ်သားငှားရမ်းရာမှာ လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားတွေကို ကိုယ်လက် အစုံအလင်နှင့် မျက်မြင်ကျန်းမာရေး ကောင်း မွန်သူ လို့ယူဆရသူတွေအကုန်လုံးကို ငှားရမ်းတာကြောင့်ပင်လယ်ပြင်ရောက် တဲ့အခါ ပြဿနာတွေကြုံတွေ့ လာရ တာ လို့ဆိုပါတယ်။

“ဒီအလုပ်သမားတွေကို သူတို့ကအလုပ်လုပ်မယ်ဆိုလို့ ငါတို့က လုပ်သားအဖြစ်ခိုင်းဖို့ငှားလာတာ။ ငါတို့ရဲ့လုပ်ငန်းခွင်မှာ တည်းခိုခိုင်းတယ်။ ထိုသူက တည်းခိုစေခြင်း၊ ထိုသူက ခိုင်းစေချင်စေခြင်း။ ငါတို့က အလုပ်သမားငှားပြီး ဘုရားစင်ပေါ်တင် မကန်တော့နိုင်ဘူးလေကွာ ခိုင်းမှာ ပေါ့” လို့ နောက်မီးကျေးရွာက လုပ်ငန်းရှင် ဦးမင်းကြွယ်ကပြောပါတယ်။

လုပ်ငန်းရှင်းများ၏ ပြောကြားချက်အရ ရပ်ဝေးကနေလာရောက်လုပ်ကိုင်ကြတဲ့ အလုပ်သမားများထဲက ၇၀ ရာခိုင်နှုန်း လောက်ဟာ အမည်၊ နေရပ် မှတ်ပုံ တင်စတဲ့ အထောက်အထားမှန်ကန်မှုတွေမရှိသလို လေဘာ၊ ရေလုပ်သားလက်မှတ်တွေ လည်းမရှိဘူး လို့သိရပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ
ဒါတွေအပြင် လုပ်ငန်းခွင်အတွင်း အဓမ္မခိုင်းစေတာတွေ၊ လုပ်ခလစာကိစ္စတွေ၊ လူကုန်ကူးခြင်းတွေဖြစ်ပေါ်နေတယ် လို့ သတင်းဆိုးနဲ့ နာမည်ကြီးပါတယ်။ ဒါကြောင့် လည်း ဧရာဝတီတိုင်းဒေသကြီးဖျာပုံဒေသက ပင်လယ်ပြင်ငါးဖမ်းနည်း တစ်မျိုးဖြစ်တဲ့ ကျားဖောင် လုပ်ငန်းတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကျားဖောင်လုပ်ငန်းရှင်တွေက သတင်းမီဒီယာတွေနဲ့ ဖျာပုံမြို့မှာတွေ့ဆုံ ရှင်းလင်းခဲ့ပါတယ်။

လုပ်ငန်းရှင်တွေဘက်ကတော့ အတင်းအဓမ္မခိုင်းစေတာ၊ လုပ်အားခေါင်းပုံဖြတ်တာ၊ လူကုန်ကူးတာတွေလိုမျိုး လူ့အခွင့် အရေးချိုး  ဖောက်စေခြင်းလုံးဝ မရှိဘဲ လုပ်သားငှားရမ်းလုပ်ကိုင်ခြင်းသာဖြစ်‌တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ရိုက်နက်တယ်ဆိုတဲ့ ကိစ္စရပ်တွေဟာလည်း လုပ်သားအချင်းချင်း အခန့်မသင့်လို့ ရန်ဖြစ်တာမျိုးရှိပြီး အလုပ်မလုပ်ချင်တဲ့ လုပ်သားတွေနဲ့ ဖောင်ဦးစီး (ခေါ်) ထောင်ဦးစီးတို့အကြားမှာ ဖြစ်ပျက်နေသည့်ကိစ္စရပ်သာဖြစ်တယ်လို့ လုပ်ငန်းရှင် တွေကဆိုပါတယ်။

ကျားဖောင် ရေလုပ်ငန်းမှာ ဒေါ်ညိမ်းကျေးရွာအုပ်စု တစ်ခုတည်းမှာတင် ၂၀၁၉ ခုနှစ်အတွင်း လူသတ်မူ၊ ပျောက်ဆုံးမှု ၊ ရေ ထဲခုန်ချမှု အပါ အဝင် စုစုပေါင်းသေဆုံးသူအရေအတွက်က လူဦးရေ ၁၀၀ ကျော်ခန့် ရှိနေတယ်လို့ ဖျာပုံမြို့နယ် ဒေါ်ညိမ်း ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ဦးရွှေပေါကပြောပါတယ်။

အလုပ်ရှင် အလုပ်သမား ဥပဒေအရ လူတစ်ဦးသေဆုံးပါက ဒေသန္တရ အခေါ်အရ နစ်နာကြေး ခြောက်သိန်းကို ရက်မဆိုင်းဘဲ တိတိကျကျ နစ်နာသူရဲ့ မိသားစုလက်ထဲကိုရောက်အောင် ဆောင်ရွက်ပေးတယ်လို့လည်း သူကဆိုပါတယ်။

“ ရေထဲက တကယ်ကျတာလည်းရှိသလို သူ့ဖာသူ ကလိန်ကကျစ်လုပ်တာလည်းရှိတာပဲ။ ပိုင်ရှင်တွေက အဲ့လိုမခိုင်းဘူး။ ခိုင်းရင် သူတို့ပိုက်ဆံကုန်မှာပေါ့ဟုတ်တယ်မှတ်လား။ ဦးစီးချုပ်ကိုပဲကျွန်တော်ပြောတာ။ သူကတကယ့် ဘုရင်ပေါ့။ ရေချိုး ရင်တောင်မှ ရေလောင်းပေးရတယ် အဲ့လိုမျိုး” လို့ ဒေါ်ညိမ်းဒေသခံ ရေလုပ်သား ကိုဖိုးဇော်လေးကပြောပါတယ်။

စားနပ်ရိက္ခာအတွက်မှာလည်း စကွဲပါဝင်နေတဲ့ ဆန်တွေနဲ့ ရေချိုကို မပြတ်လပ်အောင် ပေးပေမယ့် တခြားလိုအပ်တဲ့ ကြက် သွန်နီ၊ ဆီလိုမျိုး တခြားလိုအပ်တာမျိုးတွေကိုတော့ လုံလောက်အောင်ပေးထားတာမျိုးမရှိဘူးလို့လဲ သူကဆက်ပြော ခဲ့ပါ တယ်။

ဒါလိုဖြစ်ရပ်တွေကလည်း လုပ်ငန်းရှင်အပေါ်မူတည်ပြီး ဖြစ်ပျက်နေတဲ့ကိစ္စရပ်တွေဖြစ်တယ်လို့လဲ ဆိုပါတယ်။

ဖောင်ဦးစီး (ခေါ်) ထောင်ဦးစီး
ကျားဖောင်လုပ်ငန်းတစ်ခုမှာ ပိုင်ရှင်က အဓိကကျတယ်ဆိုပေမယ့် တကယ့်ပင်လယ်ပြင်ထဲမှာ အလုပ်သမားတွေအားလုံးနဲ့ ထိတွေ့ အုပ်ချုပ်ရတာကတော့ ဖောင်ဦးစီးလို့ခေါ်တဲ့ ထောင်ဦးစီးတွေပဲဖြစ်ပါတယ်။
ထောင်ဦးစီးတွေဟာ လှေပေါ်မှာ စားနပ်ရိက္ခာလိုအပ်တာကစလို့ နေထိုင်မကောင်းဖြစ်ရင် ကမ်းပေါ်တင်ပေးရတာတွေအပြင် ပင်လယ်ပြင်လုပ်သားတွေရဲ့ ကိစ္စအဝဝကို ကြီးကြပ်ပေးရတာပါ။

ဒါကြောင့် ထောင်ဦးစီးချုပ်၊ လက်ထောက်ဦးစီးချုပ်နဲ့ ဦးစီးချုပ်တွေရဲ့ အခန်းကဏ္ဍဟာအရမ်းကို အရေးပါတဲ့အနေထား လည်းဖြစ်ပါတယ်။

“ ပြောမယ်ဆိုရင် လူမိုက်ငှားထားတာ။ မလိမ္မာတဲ့ကောင်တွေရိုက်၊ အလုပ်မလုပ်တဲ့ကောင်တွေရိုက်  အဲ့လိုငှားထားတာ” ဟု ကိုဖိုးဇော်လေးက သူကြုံခဲ့ရတာကိုပြောပြပါတယ်။ ဒါကြောင့် လက်ရှိ ဉပဒေတွေနဲ့ မကိုက်ညီဘဲ လုပ်ကိုင်နေရတဲ့ ကျားဖောင်အပါအဝင် ရေလုပ်ငန်းတွေအတွက် ဥပဒေတစ်ရပ်ရေးဆွဲပြီး ကြီးကြပ်ပေးသင့်နေပြီလို့လဲ ဆိုပါတယ်။

ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ
ဒါကြောင့် လုပ်ငန်းနဲ့ကိုက်ညီတဲ့ ပြန်လည်ပြင်ဆင်မှုမျိုးတွေ လုပ်ဆောင်ဖို့ အစိုးရနဲ့ပူးပေါင်း သွားဖို့ရှိတယ် လို့ ဖျာပုံခရိုင် ငါးလုပ်ငန်းအဖွဲ့ ဉက္ကဋ္ဌ ဦးသံချောင်းက ပြောပါတယ်။

လတ်တလောမှာတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ၊ လွှတ်တော်အမတ်တွေနဲ့ ကျားဖောင်လုပ်ငန်းရှင်တွေ ပူးပေါင်း အစည်းအဝေး ထိုင်ပြီး ညှိနှိုင်းတာတွေရှိတယ်လို့လဲဆိုပါတယ်။

ကျားဖောင်လုပ်ငန်းတွေကို ပြီးခဲ့တဲ့ နှစ်တွေက ဘယ်သက်ဆိုင်ရာအဖွဲ့ကမှ သွားရောက်စစ်ဆေးတာမျိုးမရှိခဲ့ပေမယ့် ဒီလိုမျိုး လူ့အခွင့် အရေးချိုးဖောက်မှုတွေ အများအပြားရှိနေတယ်ဆိုတဲ့သတင်းတွေကြောင့် ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ လူ့အခွင့် အရေးကော်မရှင်က သွားရောက်စစ်ဆေးခဲ့ပါသေးတယ်။

“ ဖျာပုံက လွှတ်တော်အမတ်ကတော့ အဆိုတစ်ခုခုတော့ တင်သင့်တယ်ထင်တာပဲလေ ” လို့ ကျားဖောင်လုပ်သက် နှစ် ၂၀ ကျော်ရှိတဲ့ ဒေါ်ညိမ်းကျေးရွာ ဒေသခံ ကိုဖိုးဇော်လေးက ပြောပါတယ်။

ဒီလုပ်ငန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘယ်လောက်အထိရှိနေလဲ၊ မြန်မာနိုင်ငံ၏ အဓိက မျှင်ငပိထုတ် လုပ်မှုရေ လုပ်ငန်းဖြစ်တဲ့ ကျားဖောင်ပေါ်က ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ပဲဖြစ်ပါတယ်။

 

Mizzima Weekly