ICJ ကိစ္စတွင် ညီညွတ်ခြင်းနှင့် သမိုင်းတရားခံအစစ်ကို ဖော်ရမည်ဟု နိုင်ငံရေး ၃၉ ပါတီ မှပြောဆို

ICJ ကိစ္စတွင် ညီညွတ်ခြင်းနှင့် သမိုင်းတရားခံအစစ်ကို ဖော်ရမည်ဟု နိုင်ငံရေး ၃၉ ပါတီ မှပြောဆို
ဓာတ်ပုံ -ထွန်းထွန်းဝင်း

နိုဝင္ဘာလ ၂၅။           ။ ICJ ကိစ္စတွင် ညီညွတ်ခြင်းနှင့် သမိုင်းတရားခံအစစ်ကို ဖော်ရမည်ဖြစ်ကြောင်း အတိုက်အခံအစုအဖွဲ့ဖြစ်သော နိုင်ငံရေးပါတီ ၃၉ခု၏ သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောဆိုလိုက်သည်။

ရိုဟင်ဂျာမွတ်ဆလင်များအပေါ် ပြုမူမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးတွင် ဒီဇင်ဘာလအတွင်းမှစ၍ တရားဆိုင်ရမှာ ဖြစ်သည်။

မြန်မာနိုင်ငံသည် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် ရခိုင်ပြည်နယ်ရှိ ကွန်မြူနတီကို ဖျက်စီးမှုများပြုလုပ်ခဲ့ သည်ဟု စွပ်စွဲကာ ဂမ်ဘီယာနိုင်ငံက သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် လျှောက်ထားခဲ့သည်။ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည်။ ၎င်း၏ တရားစွဲဆိုမှုကို တစ်ခြားသော မွတ်စလင်နိုင်ငံများကလည်း ထောက်ခံ ထားကြသည်။

" အစိုးရအဆက်ဆက်က ပြည်တွင်းရေးပြသနာဖြစ်ရင် ဖြေရှင်းခဲ့တဲ့ပြသနာကို ရခိုင်ပြည်နယ်အစ္စလာမ် အသိုင်း အဝိုင်းဆိုတာကိုစလိုက်တဲ့ဇတ်လမ်းက အခုက ဂမ်ဘီယာ နဲ့ဖြစ်တာမဟုတ်ဘူး။ (OIC) အစ္စလမ် နိုင်ငံ ၅၇ နိုင်ငံ နဲ့ဖြစ်တဲ့ဘဝရောက်သွားပြီ။ အဲဒီလိုရောက်အောင် ဘယ်သူစပို့ခဲ့သလဲ။ ဘယ်သူ ဒီကိစ္စကိုဖန်တီးခဲ့သလဲဆိုတာ က တစ်ဖက်မှ ညီညွှတ်ရေးလည်းပြရမယ်။ တစ်ဖက်က တရားခံအစစ်ကိုလည်း သမိုင်းသင်ခန်းစာ အနေနဲ့ ဖော်ထုတ်ရမယ်" ဟု ဦးသိန်းညွန့် က ပြောဆိုခဲ့သည်။

အဆိုပါ တရားစွဲဆိုခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ၏အကျိုးစီးပွားကာကွယ်ရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သွား ရောက်ဖြေရှင်းမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၀ ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ကြေငြာခဲ့သည်။

" ဘယ်အစိုးရလက်ထက်မှာမှ မရှိခဲ့တဲ့နိုင်ငံတော်ကိုစွဲတယ်ဆိုတာက နိုင်ငံသားအားလုံးတရားခံ ဖြစ်သွားပြီ။ ကျွန်တော်တို့ တရားခံမဟုတ်ပါဘူးဆိုတာ ဖော်ထုတ်ကြရမယ်။ နိုင်လွန်မင်းထက်ဖြစ်ပြီးငွေကြေးအားဖြစ် ကုလ သမဂ္ဂကို ချယ်လှယ်ထားတဲ့ OIC ကိုယှဉ်ဆိုင်ရမှပါ။ OIC အခုလိုလုပ်အောင် အခြေအနေမျိုးဖန်တီးခဲ့တဲ့ တရားခံ ဘယ်သူလည်းဆိုတာက သမိုင်းရေးရာပြသနာဖြစ်တဲ့အတွက် အဲဒါကို ဖော်ထုတ်သွားမယ်။ ညီညွတ်ရေး စိတ်ဓာတ် ၊ အမျိုးသားသွေးစီးရေးစိတ်ဓာတ် နဲ့ရပ်တည်သွားမည် တော်လှန်ရေး သတ္တိလည်း ရှိရမယ်" ဟု ဦးသိန်းညွန့်ပြောဆိုခဲ့သည်။

နိုင်ငံရေးပါတီ ၃၉ ပါတီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဦးဆောင်ပါတီကြီးတစ်ခုဖြစ်သော်လည်း ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ခပ်လျိုလျိုနေသွားခဲ့သည်ကို တွေ့ရသည်။
ICJ အမှုကိစ္စနှင့်ပတ်သက်၍ တပ်မတော်ဘက်မှလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က မီဒီယာများကို ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု ရာဇတ်မှု ၊ ကာကွယ်ခြင်း နှင့် ပြစ်ဒဏ်ချမှတ်ခြင်း ဆိုင်ရာကွန်ဗင်းရှင်း ကို ၁၉၄၉ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးထားခဲ့ပြီး ၁၉၅၆ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly