ကနေဒါ၀န်ကြီးချုပ် စတီဖင် ဟာပါး အရှုံးကိုဝန်ခံ၍ ရာထူးမှဆင်းပေးမည်

ကနေဒါ၀န်ကြီးချုပ် စတီဖင် ဟာပါး အရှုံးကိုဝန်ခံ၍ ရာထူးမှဆင်းပေးမည်

အော့တဝါ၊ အောက်တိုဘာ -၂၀ ။            ။ ကနေဒါနိုင်ငံ၏ အစ္စရေးနှင့် ရင်းနှီးကျွမ်းဝင်သော ဝန်ကြီးချုပ် စတီဇင် ဟာပါးက ဒေသန္တရရွေးကောက်ပွဲများတွင် ရှုံးနိမ့်ကြောင်းဝန်ခံလိုက်ပြီး ရာထူးမှဆင်းပေးကာ ကြားဖြတ်ခေါင်းဆောင်တစ်ယောက် ခန့်ထားရန်အတွက် ခင်းကျင်းပြင်ဆင်နေသည်။

လစ်ဘရယ်ပါတီခေါင်းဆောင် ဂျက်စတင် ထရူးဒိုးကို ရှုံးနိမ့်ခဲ့ပြီးနောက် ဟာပါးက အောက်တိုဘာ ၁၉ရက်နေ့တွင် ရှုံးနိမ့်ကြောင်းဝန်ခံသည့် မိန့်ခွန်းကို ပြောကြားခဲ့သည်။

ဟာပါး၏ ကွန်ဆာဗေးတစ်ပါတီက အစောပိုင်းကပင် ဟာပါး ဆင်းပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ရာ ထရူးဒိုး တရားဝင် ကျမ်းသစ္စာ မကျိန်ဆိုမီအထိ ကြားဖြတ်ခေါင်းဆောင်တစ်ယောက်က ဝန်ကြီးချုပ်ရုံး ကိုတာဝန်ယူရမည်ဖြစ်သည်။

‘ကျနော် ဝန်ကြီးချုပ် စတီၤဖင် ဟာပါးနဲ့ စကားပြောခဲ့ပြီးပါပြီ။ သူက အသစ်စက်စက် ရွေးကောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေထဲက ကြားဖြတ်ခေါင်းဆောင်တစ်ယောက် ခန့်ထားဖို့နဲ့ ခေါင်းဆောင်သစ် တစ်ယောက် ရွေးချယ်တဲ့ လုပ်ငန်းစဉ်ကို စတင်ဖို့ ဟာပါးက ညွှန်ကြားခဲ့ပါတယ်’’ဟု ကွန်ဆာဗေးတစ်ပါတီဥက္ကဌ ဂျွန် ဝဲ့လ်က အောက်တိုဘာလ ၁၉ရက်နေ့က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

‘ကနေဒါဆိုတာ ကမ္ဘာအရပ်ရပ်ကလူတွေနဲ့ တည်ထောင်ထားတာပါ’’ဟု ထရူးဒိုးက ၎င်း၏ အောင်ပွဲခံမိန့်ခွန်းတွင်ပြောကြားခဲ့သည်။ ထရူးဒိုးမှာမွတ်စလင်များကို ဆန့်ကျင်မှုအပါအဝင် ဟာပါးအစိုးရ၏ပေါ်လစီ အချို့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ဝေဖန်ခဲ့သူပင် ဖြစ်သည်။

 ‘ကျနော်တို့နိုင်ငံရဲ့ တစ်မူထူးခြားတဲ့ ကွဲပြားစုံလင်မှုဟာ အရင်ကနေဒါမျိုးဆက်တွေက ကျနော်တို့အပေါ် လက်ဆင့်ကမ်းခဲ့တဲ့ ကောင်းချီးမင်္ဂလာပါပဲ။ အာဃာတနဲ့ ခွဲခြားဆက်ဆံတဲ့ ဘယ်လိုပုံစံမျိုးကိုမဆို ကနေဒါနိုင်ငံသားတွေက မနှစ်မြို့ကြပါဘူး’’ဟု ထရူးဒိုးက ပြောကြားခဲ့သည်။

‘အကြောက်တရားကို မျှော်လင့်ချက်နဲ့ အနိုင်ယူမယ်။ သံသယကို အပြင်းအထန်ကြိုးစားမှုနဲ့ အနိုင်ယူမယ် အပျက်သဘော ကွဲပြားစေတဲ့ နိုင်ငံရေးကို ကနေဒါနိုင်ငံသားတွေကို တညီတညွတ်တည်း စည်းရုံးသွားစေမယ့် အပြုသဘော နိုင်ငံရေးနဲ့ အနိုင်ယူမယ်’’ဟုလည်း ထရူးဒိုးက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ပီရီ ထရူးဒိုး၏ သားဖြစ်သူ ၄၃နှစ်အရွယ် လစ်ဘရယ်ပါတီခေါင်းဆောင် ထရူးဒိုးက အမေရိကန်နှင့် ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေရန် ရည်သန်ထားပြီး အိုင်အက်စ် အကြမ်းဖက်သမားများကို တိုက်ဖျက်နေသည့် စစ်ပွဲများမှလည်း ကနေဒါကို ပြန်လည် ရုပ်သိမ်းမည်ဖြစ်ကာ ရာသီဥတုပြောင်းလဲမှု ပြဿနာများကိုလည်း ဖြေရှင်းသွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly