ဖင်လန်နိုင်ငံမှ လူမှုကွန်ရက်ဆိုင်ရာဆန်းသစ်ဖန်တီးမှု ၁၀၀ အမည်ရှိ မြန်မာပြန် စာအုပ် မိတ်ဆက်

ဖင်လန်နိုင်ငံမှ လူမှုကွန်ရက်ဆိုင်ရာဆန်းသစ်ဖန်တီးမှု ၁၀၀ အမည်ရှိ မြန်မာပြန် စာအုပ် မိတ်ဆက်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ။         ။ ဖင်လန်သံရုံးနှင့် မဇ္ဈိမမီဒီယာတို့ ပူးပေါင်းထုတ်ဝေခဲ့သည့် ဖင်လန်နိုင်ငံမှ လူမှုကွန်ရက်ဆိုင်ရာ ဆန်းသစ်ဖန်တီးမှု ၁၀၀ အမည်ရှိ မြန်မာပြန်စာအုပ်ကို စတင်မိတ်ဆက်လိုက်သည်။

စာအုပ်မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး စာအုပ်ရေးသားသူအပြင် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီးလည်း တက်ရောက်ခဲ့သည်။

အဆိုပါစာအုပ်တွင် ဖင်လန်နိုင်ငံ၏ အမျိုးပေါင်း ၁၀၀ သော လူမှုရေး၊ နိုင်ငံရေး၊ နေ့စဉ်ဘဝ ဆန်းသစ် တီထွင်ခြင်းများကို ရေးသားထားခြင်းဖြစ်ပြီး စာအုပ်ကိုရေးသားကာ ထုတ်ဝေနိုင်ရန်ကြိုးပမ်းခဲ့သူမှာ ဖင်လန်နိုင်ငံမှ လွှတ်တော်အမတ်ဟောင်းတစ်ဦးလည်းဖြစ်ကြောင်း ၎င်းစာအုပ်ကို ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်တွင် ဖင်လန်နိုင်ငံ၌စတင်ထုတ်ဝေခဲ့ေကြာင်း သိရသည်။

“ ဒီစာအုပ်တစ်အုပ်လုံးကို ကျွန်တော်ကိုယ်တိုင်တစ်ယောက်ထဲရေးသားထားတာတော့ မဟုတ်ပါဘူး။ ကျွန်တော်ကလည်းပဲအခန်း(၃) ခန်းလောက်ကိုရေးထားပါတယ်။ ကျွန်တော့်ဇနီးဖြစ်သူကလည်း အခန်း (၂) ခန်းလောက်ကိုရေးထားပါတယ်။ ဝန်ကြီးချုပ် (၂) ယောက် ကနေပြီး ဝင်ရေးထားတဲ့ အကြောင်းအရာတွေလည်းရှိသလို ဝန်ကြီး (၁၀) ပါးကနေရေးထားတဲ့ အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။ အရမ်းကျွမ်းကျင်တဲ့ ပညာရှင်တွေကနေ မိမိတို့ကျွမ်းကျင်တဲ့အပိုင်းတွေကို ရေးသား ထားတာ ပါဝင်နေသလိုမျိုးပဲ လူ့အသိုင်းအဝိုင်းမှာပါဝင် သမျှလူတွေကို ထင်ဟပ်အောင် လူပေါင်းစုံ ကနေပြီးရေးထားတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်” ဟု စာအုပ်ရေးသားထုတ်ဝေရန်ကြိုးပမ်းခဲ့သူ စာရေးဆရာ အီးလ်ကာတိုင်ပါလဲ ကပြောသည်။

စာအုပ်တွင်ပါဝင်သော အရာအများမှာ တစ်ခုတည်းသောပါလီမန်၊ ရေဆေးပြီးပန်းကန်များ အခြောက် လုပ်သော ဗီရို၊ ကလေးထိန်းကျောင်း၊ အများသုံးအဝတ်လျှော်ရန်နေရာ၊ လုပ်အားပေး၊ သုံးပွင့်ဆိုင်၊ ရေခဲနေသော ရေကန်တွင်ရေခဲတုံးကို အပေါက်ဖော်၍ရေးကူးခြင်း၊ ညွန့်ပေါင်း အစိုးရ၊ လင်းနပ့်စ် ကွန်ပျူတာစနစ်၊ ခရစ္စမတ် ဆန်တာ ခရော့စ် စသည့် ဆောင်းပါးများပါဝင်သည်။

ထို့အပြင်အကောင်းဆုံး ဆောင်းပါး ခြောက်ပုဒ်ကိုဖော်ပြရပါက အခမဲ့ပညာသင်ခွင့်၊ မြို့နယ်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကျား/မ တန်းတူ အခွင့်အရေး၊ ပြည်သူများ၏ အသင်းအဖွဲ့များ၊ ပြည်သူအများ ဖြင့် ဆုံးဖြတ်ချက်ပြုလုပ်ခြင်း၊ ပြည်သူအားလုံးအတွက် လူမှုဖူလုံရေးနှင့် ယုံကြည်စိတ်ချခြင်း၊ ပြည်သူ များအတွက် ငြိမ်းချမ်းရေးအာမခံချက်ပေးခြင်းများဖြစ်သည်။

“ အဓိကထုတ်ဝေတဲ့ရည်ရွယ်ချက်ကတော့ ဒီစာအုပ်မှာပါတဲ့ သူတို့နိုင်ငံရဲ့အတွေ့အကြုံတွေ သူတို့ နိုင်ငံရဲ့ဆန်းသစ်တီထွင်မှုတွေ လေ့လာရင်းနဲ့ ကျွန်တော်တို့ဆီမှာလည်း ဒီထက်ပိုပြီး ဆန်းသစ် တီထွင်မှုတွေရှိလာအောင်၊ သူတို့ကဆန်းသစ်တီထွင်မှုတွေ ၁၀၀ လုပ်ခဲ့တယ်ဆိုရင် ကျွန်တော် တို့ကလည်း ဖြစ်နိုင်ရင်တစ်ထောင်ပေါ့။ ဆန်းသစ်တီထွင်မှုတွေလုပ်နိုင်အောင် ဆိုတဲ့ရည်ရွယ်ချက်ပါ” ဟု မဇ္ဈိမမီဒီယာမှ မန်းနေးဂျင်းဒါရိုက်တာနှင့် အယ်ဒီတာချုပ် ဦးစိုးမြင့်ကပြောသည်။

စာအုပ်ကို ယခုအထိဆိုပါက အာဘေးနီးယား၊ အာရပ်၊ ဘင်္ဂါလီ၊ အင်္ဂလိပ်၊ စပိန်၊ ဟင်ဒီ၊ ဂျပန်၊ ကာဇက်၊ ကိုရီးယား၊ လပ်ဗီးယား၊ လင့်တူနေးရီးယား၊ မန်ဒရင်တရုတ်၊ မွန်ဂို၊ ပေါ်တူဂီ၊ ပန်ချာဘီ၊ ပိုလန်၊ ပြင်သစ်၊ ဆွီဒင်၊ ဂျာမန်၊ တမီးလ်၊ တူရကီ၊ ယူကရိန်း၊ ဟန်ဂေရီ၊ အူရ်ဒူ၊ ဘယ်လာရုစ်၊ ရှရှား၊ နှင့် မြန်မာ တိုအပါအဝင် ဘာသာစကား (၂၇) မျိုးအထိ ဘာသာပြန်ဆိုခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

ဤစာအုပ်ထဲတွင်ရေးသားထားသော ဖင်းလူမျိုးများ၏ ဆန်းသစ်တီထွင်မှုများသည် နိုင်ငံတကာသို့ ကျယ်ပြန့်စွာ ရောက်ရှိသွားကာ စိတ်ဝင်စားမှုများကိုဖြစ်ပေါ်စေခဲ့ကြောင်းလည်း စာရေးသူက ပြောသည်။

ဖင်လန်နိုင်ငံမှ လူမှုကွန်ရက်ဆိုင်ရာဆန်းသစ်ဖန်တီးမှု ၁၀၀ အမည်ရှိစာအုပ်ကို မြန်မာနိုင်ငံထဲရှိ စူပါမားကတ်များနှင့် စာအုပ်အရောင်း ဆိုင်များတွင် တစ်အုပ်လျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချ သွားရန်ရှိကာ စာသင်ကျောင်းအချို့ကိုလည်း အခမဲ့ဖြန့်ဝေပေးသွားရန်ရှိ ကြောင်းလည်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly