ခဏခဏလေလည်တတ်လို့ လူကြားထဲအခက်ကြုံရသူတွေအတွက် နည်းလမ်းကောင်း (၈) ခု

ခဏခဏလေလည်တတ်လို့ လူကြားထဲအခက်ကြုံရသူတွေအတွက် နည်းလမ်းကောင်း (၈) ခု

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အသက်ရှင်ဖို့ အသက်ရှူနေကြတဲ့သူတွေချည်းပဲမို့ ကိုယ်ရှူရှိုက်နေတဲ့လေထုထဲ လေလည်ချလိုက်မှာကို ဘယ်သူမှ သဘောမကျလောက်ပါဘူး။ သူများမပြောနဲ့ ကိုယ့်ဆီကထုတ်လိုက်တဲ့လေတောင် ကိုယ်ပြန်မရှူနိုင်တာ ကိုယ်တွေ့မဟုတ်လား။ လေလည်လိုက်တာက အနံ့ရှိရှိ မရှိရှိ လူက အလိုလိုမျက်နှာလွှဲ၊ နှာခေါင်းအလိုလိုကျုံ့လိုက်မိတာပဲ။
လေလည်တိုင်း နံသလား

လေလည်တာ အသံကျယ်ကျယ်၊ မကျယ်ကျယ် ပြဿနာရှိတာက အနံ့ပါ။ အသံမကြားလိုက်ရပေမယ့် အနံ့ထွက်လာရင် လူသိတာပဲမို့ အတော်ဒုက္ခရောက်ရမှာပါ။ ဘာလို့ တစ်ခါတလေ အနံ့မရှိဘဲ တစ်ခါတလေကျ နှာခေါင်းပိတ်ပြေးရတဲ့အထိ အနံ့ဆိုးရတာလဲ။ ဒါက ကိုယ်စားထားတဲ့ အစားအသောက်တွေ၊ အစာအိမ်နဲ့အူလမ်းကြောင်း လုပ်ဆောင်ချက်တွေနဲ့ ဆိုင်ပါတယ်။ အနံ့ပြင်းတဲ့ လေလည်ခြင်းကို ဖြစ်စေတာက –

  •     အမျှင်ဓာတ်များတဲ့ အစားအသောက်တွေ၊
  •     ပဋိဇီဝပိုးသတ်ဆေးတွေအပါအဝင် သောက်သုံးနေတဲ့ဆေးဝါးတွေ၊
  •     ဝမ်းချုပ်နေတာ ဒါမှမဟုတ် ဝမ်းအကုန်အစင်မသွားတာ
  •     အစာခြေစနစ်အတွင်းမှာ ဘက်တီးရီးယားတွေစုနေတာ စတဲ့အကြောင်းရင်းတွေပါဝင်တတ်ပါတယ်။

လူကြားထဲ အခက်မကြုံရအောင် ဘယ်လိုကာကွယ်၊ ဖြေရှင်းရမလဲ

ကဲ ဒီအတွက် အားကိုးလို့ရမယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဆက်ပြီးကြည့်ရအောင် –
နည်းလမ်း (၁)

လူတစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်ပေမယ့် ကိုယ့်အတွက် ဒါစားရင် လေပွတယ်၊ လေပိုလည်တယ်လို့ သတိထားမိတဲ့ အစားအသောက်တွေကို ချင့်ချိန်စားပါ။ ဥပမာ ပဲကြီးလှော်စားလို့ လေလည်တယ် ဆိုတာမျိုး(နံလည်းနံတယ်နော်)။
နည်းလမ်း (၂)

တစ်နေ့တာမှာ အစားစားတဲ့အခါ ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ ခွဲပြီးစားပါ။ ဒါမှ အစာခြေစနစ်ကို ဝန်ပေါ့စေမှာဖြစ်ပြီး လေပွတဲ့အတိုင်းအတာလည်း လျော့သွားစေမှာဖြစ်ပါတယ်။
နည်းလမ်း (၃)

ဘယ်တော့မဆို ဖြည်းဖြည်းစားပါ၊ သောက်ပါ။ ခပ်မြန်မြန်စားသောက်ခြင်းက အစာနဲ့အတူ လေတွေပါ မျိုချမိတာများစေနိုင်ပါတယ်။ အစားအသောက်ကို ဖြည်းဖြည်းသုံးဆောင်မှ လေတွေလျော့စေမယ်လေ။
နည်းလမ်း (၄)

အစာလမ်းကြောင်းထဲမှာ လေတွေစုပုံမနေစေဖို့အတွက် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နေ့ကို အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှု မိနစ် ၃၀ လောက်တော့ အနည်းဆုံးရှိသင့်ပါတယ်။
နည်းလမ်း (၅)

အဆီများတဲ့ အစားအစာတွေကို လျှော့စားပါ။ အဆီများရင် အစာချေရတာပိုကြာပြီး အစာလမ်းကြောင်းအတွင်း အချဉ်ပေါက်ဖို့ အချိန်ပိုများစေတာကြောင့် လေတွေပိုများစေပါတယ်။
နည်းလမ်း (၆)

လေဆေးသောက်ပါ။ simethicone ပါတဲ့ အစာအိမ်လေဆေးတွေဟာ အစာခြေလမ်းကြောင်းထဲရှိနေတဲ့ လေတွေကို ဖြိုခွဲဓာတ်ပြယ်စေဖို့ ထုတ်လုပ်ထားတာပါ။
နည်းလမ်း (၇)

ဆေးလိပ်ဖြတ်ပါ၊ ပီကေဖြတ်ပါ။ ဒီနှစ်မျိုးလုံးက လေတွေမျိုချမိစေနိုင်တဲ့ အမူအကျင့်တွေဖြစ်ပြီး အဲဒီလေတွေက အစာခြေစနစ်အတွင်း စုပြီး ဒုက္ခပေးတတ်တာပါ။
နည်းလမ်း (၈)

ဆိုဒါနဲ့ ဘီယာအပြင် ဂက်စ်ပါတဲ့အချိုရည်တွေကို ရှောင်ပါ။ သူတို့ကြောင့် လေပိုပွပြီး တဘူဘူဖြစ်တာ ပိုဆိုးစေနိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်ပြသင့်တာလဲ

လေလည်တာ လူတိုင်းဖြစ်တဲ့ သဘာဝပဲဆိုပေမယ့် လွန်ကဲနေရင်တော့ ပုံမှန်မဟုတ်ပါဘူး။ လေလည်တာ မကြာခဏဖြစ်လွန်းရင် နေ့စဉ်ဘဝမှာ ထိခိုက်လာပါလိမ့်မယ်။ လူကြားထဲ သွားရလာရ၊ အလုပ်လုပ်ရတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့လာမယ်၊ လူအထင်သေးခံရနိုင်တယ်၊ ရှက်ကိုးရှက်ကန်းဖြစ်နေရမယ်၊ အဆင်မပြေတော့ဘူးပေါ့။

ဒါပေမယ့် –

  •     ဗိုက်အောင့်တာ၊ လေပွတာ မပျောက်ဘဲကြာရှည်နေတာ၊
  •     ဝမ်းပျက်တာ ဒါမှမဟုတ် ဝမ်းချုပ်တာ ထပ်ကာတလဲလဲဖြစ်နေတာ၊
  •     အကြောင်းရင်းမည်မည်ရရမရှိဘဲ ကိုယ်အလေးချိန်ကျတာ၊
  •     ဝမ်းမထိန်းနိုင်တာ( လေနဲ့ဝမ်းမကွဲတာ)၊
  •     ဝမ်းသွားတော့ သွေးပါတာ၊
  •     ကိုယ်ပူတာ၊ အော့အန်တာ၊ ချမ်းတုန်တာ၊ အဆစ်နဲ့ကြွက်သားနာကျင်ကိုက်ခဲတာလိုမျိုး ရောဂါပိုးဝင်တဲ့ လက္ခဏာတွေဖြစ်လာတာ ဆိုရင် ဆရာဝန်ပြပြီး စစ်ဆေးကုသမှုခံယူတာအကောင်းဆုံးပါ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly