မြောက်ပိုင်း (၄) ဖွဲ့နှင့်နှစ်လအတွင်း ပဏာမအပစ်အခတ်ရပ်စဲနိုင်ရန် အစိုးရမျှော်လင့်

မြောက်ပိုင်း (၄) ဖွဲ့နှင့်နှစ်လအတွင်း ပဏာမအပစ်အခတ်ရပ်စဲနိုင်ရန် အစိုးရမျှော်လင့်
ဓာတ်ပုံ - NRPC

ရန်ကုန်၊ အောက်တိုဘာ ၃၁ ။       ။ အစိုးရနှင့် မြောက်ပိုင်း (၄) ဖွဲ့တို့ လာမည့်ဒီဇင်ဘာလခန့်တွင် ပဏာမအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်သည်ဟု ငြိမ်းချမ်းရေးကော်မရှင်မှ အကြံပေးဦးလှမောင်ရွှေကပြောသည်။

“ ဘယ်တော့ထိုးနိုင်မလဲဆိုတာကတော့ ညှိနှိုင်းမှုအပေါ်မူတည်တယ်။ ကျွန်တော်တို့ထင်တာတော့ ဒီမြောက်ပိုင်း(၄)ဖွဲ့နဲ့တော့ နိုဝင်ဘာ၊ ဒီဇင်ဘာထဲမှာ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ထိုးနိုင်ဖို့တော့ မျှော်လင့်တာပေါ့”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အ‌နေဖြင့် ဆွေးနွေးပွဲများ ဆက်လက်ဖြစ်မြောက်စေရေးနှင့်  Bilateral ရေးထိုးနိုင်ရေးကြိုးပမ်းနေသည်ဟုလည်း ဦးလှမောင်ရွေက ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အနေဖြင့် အစိုးရနှင့် Bilateral လက်မှတ်ထိုးရေးဆွေးနွေးနေသော်လည်း တပ်မတော်ဘက်မှ တချို့အဖွဲ့များကို လက်မှတ်ရေးထိုးရေးမှ ဖယ်ရှားနေသကဲ့သို့ မြင်မိကြောင်း KIO မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ လဖိုင်ဇန်းမြတ် ကဆိုသည်။

“ Bilateral ထိုးဖို့ အားလုံး (၄) ဖွဲ့လုံးထိုးဖို့ အတူတူထိုးဖို့ပေါ့နော်။ ကျွန်တော်တို့ KIO သဘောထားကလဲ အားလုံးပါတဲ့လက်မှတ်ရေး ထိုးပွဲဖြစ်ပါတယ်” ဟုဆိုသည်။

KIO အနေဖြင့် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းရခြင်းမှာ စစ်ဘေးဒဏ်ခံနေရသည့် ပြည်သူလူထုကြောင့်ဖြစ်ကာ မိုင်းများပြန်လည်ဖော်ထုတ်ရှင်းလင်းရေးသည်လည်း အရေးကြီးကြောင်း ၎င်းကပြောခဲ့သည်။သို့သော် Bilateral ရေးထိုးရေးအကြောင်းပြ၍ အစိုးရနှင့် မြောက်ပိုင်း (၄) ဖွဲတို့အစည်းအဝေးများပြုလုပ်နေသော်လည်း ရခိုင့်တပ် (AA) ၊ တအောင်းတပ် (TNLA) တို့နှင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်သည်။
နောက်ဆုံးတွေ့ဆုံခဲ့သည့်ဆွေးနွေးပွဲတွင် အစိုးရနှင့်မြောက်ပိုင်းအဖွဲ့တို့ အောက်တိုဘာလတွင် ထပ်မံတွေ့ ဆုံကြရန် သဘောတူညီခဲ့ကြသော်လည်း နိုဝင်ဘာလတွင် ထပ်မံတွေ့ကြရန် ပြန်လည်ညှိနှိုင်းနေဆဲ အဆင့်ဖြစ်ကြောင်းလည်း ၎င်းတို့နှင့်နီးစပ်သူများမှဆိုသည်။

မြောက်ပိုင်းမဟာမိတ် (၄) ဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရခိုင့်တပ် (AA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ် (MNDAA) တို့ပါဝင်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required