သုတေသနစာတမ်းအတု တင်ထားသူများကို ရာထူးပြန်လျှော့ရန် ပညာရေးဝန်ကြီးထံ တင်ပြထား ဟုဆို

သုတေသနစာတမ်းအတု တင်ထားသူများကို ရာထူးပြန်လျှော့ရန် ပညာရေးဝန်ကြီးထံ တင်ပြထား ဟုဆို
ဓာတ်ပုံ - ကိုကို ဖေ့စဘွတ်ခ်

ရန်ကုန်၊ အောက်တိုဘာ ၂၆။         ။ ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်များမှ ဆရာ၊ဆရာများ၏ ရာထူးတိုးအတွက် သုတေသနစာတမ်း တင်ထားရာတွင် သုတေသနစာတမ်းအတုများ စစ်ဆေးမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် သုတေ သနစာတမ်း(Paper)အတု တင်ထားသူများကို ရာထူးပြန်လျှော့ရန် ပညာရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သုတေသန စာတမ်းစစ်ဆေးမှုတွင်ပါဝင်ခဲ့သော ဒေါက်တာထွန်းထွန်းနိုင်က မဇ္စျိမသတင်းဌာနကို အတည်ပြု ပြောသည်။

" ဝန်ကြီးချုပ်က စာတမ်းအတုပိုင်ရှင် ဆရာ၊ဆရာမတွေကို ဘယ်လိုအရေးယူ စေချင်လဲလို့ဆိုတဲ့ မှတ်ချက်ကို ပေးခဲ့ဖို့တောင်းတယ်။ အကုန်လုံး ဝိုင်းပေးလိုက်ပါတယ်။တစ်မျိုးစီပေါ့။ ပြီးခဲ့နှစ်က ရာထူး တိုးသွားတာကို လျှော့မလား ၊ ရာထူးတိုး ၂ နှစ်ရပ်မလား ။ပြင်းထန်စွာသတိပေးမလား။ ဒါမျိုးတွေပေါ့ ဘယ်ဟာကိုလုပ်ကြမလဲ။ အခုက တင်ထားလိုက်ပြီ။ ကျန်တာက ဝန်ကြီးချုပ် သဘောပါပဲ။ တွေ့ရှိချက် ကိုပဲပြောတယ်။ ဘယ်လိုအရေးယူမလဲဆိုပြီး တောင်းတယ်။ ဒါကို ပေးလိုက်တယ်။ ဒါပါပဲ။ ကျန်တဲ့ အပိုင်းက လူကြီးတွေ အပိုင်းဖြစ်သွားပြီး " ဟု ဒေါက်တာထွန်းထွန်းနိုင်က ပြောသည်။

သုတေသနစာတမ်း(Paper) အတုကိစ္စရပ်နှင့်ပတ်သက်၍ ရာထူးတိုးသွားသူများကို ပြင်းထန်စွာ သတိ ပေးခြင်း ၊ ရာထူးပြန်လျော့ခြင်း ၊ နယ်ပို့ခြင်း ၊ ရာထူးတိုး (၁) နှစ် သို့မဟုတ်(၂) သို့ရပ်ဆိုင်းခြင်း၊ Black List လုပ်ကာ မှတ်တမ်းထားရှိခြင်း စသည့် အချက် ၅ ချက်ကို သုတေသနစာတမ်း စစ်ဆေးခဲ့သည့် ဆရာ၊ ဆရာမ ၅၀၀ ကျော်က ပညာရေးဝန်ကြီးဌာနထံသို့ တင်ပြထားကြောင်း သိရသည်။

ယခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ နေပြည်တော်၊ပညာရေးဝန်ကြီးဌာနတွင် တက္ကသိုလ်အသီးသီးမှ ဘာသာရပ်အသီးသီး၏ ဆရာ၊ဆရာမ ၅၀၀ ကျော်ဖြင့် ရာထူးတိုး ပြောင်းရွှေ့ ရေးအတွက် သုတေသန စာတမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သုတေသနာစာတမ်းအတု တစ်ထောင် ဝန်းကျင်ခန့် တွေ့ရှိရပြီး၊သိပ္ပံဘာသာရပ်တွင် အတုအများဆုံး တွေ့ရှိခဲ့ကြောင်း၊ စာတမ်းအတုအများ ဆုံးမှာအိန္ဒိယမှ ဝယ်ယူသည့် စာတမ်းအတုများ ဖြစ်ကြောင်း သိရသည်။

" သိပ္ပံတွဲကအများဆုံးပဲ။ အဓိကဝယ်တာ အိန္ဒိယက ဝယ်တာ။ စာတမ်းက တစ်နှစ်မှ တစ်စောင် ထွက်ဖို့က မလွယ်ပါဘူး။ အခုကအွန်လိုင်းမှာ ဝယ်ရင် ဒီနေ့ဝယ် ဒီနေ့လှမ်းပို့လိုက်တယ်။ အဲဒါကို ရအောင် ဖော်ထုတ် ရတာ  ပါ။အရည်ချင်းမရှိတဲ့လူတွေက ရာထူးတိုးသွားတာအဆင်မပြေဘူး။ ဒီနှစ်မှ ဖော်ထုတ်နိုင်တာပါ။ ပြီးခဲ့တဲ့နှစ်က လွတ်သွားတယ်။ သုတေသနနဲ့ ရာထူးတိုးပြီး တစ်ချို့ဆို အထက် တွေ ရောက်ကုန်တယ်။ တကယ်တော်တဲ့သူတွေက အောက်ရောက်နေတယ်။ ဒီနှစ်ကတော့ မဖြစ်ဘူးဆိုပြီး လုပ်လိုက်တာပါ။ " ဒေါက်တာထွန်းထွန်းနိုင်က ဆက်ပြောသည်။

ပြည်တွင်းမီဒီယာအချို့တွင် အဆိုပါသတင်းအကြောင်းအရာကိုဖော်ပြရာတွင် လူအများက တက္ကသိုလ် မှ ဆရာ၊ဆရာမများအနေဖြင့် ယင်းကဲ့သို့ စာရွက်စာတမ်းအတုများဖြင့် ရာထူးအတိုး အပြောင်းအရွှေ့ များအတွက်လုပ်  ဆောင်မူများသည် မဖြစ်သင့်သည့် ကိစ္စရပ်ဖြစ်ပြီး ကျောင်းသားများကို ပြန်လည် သင်ကြားရသူများ ဖြစ်သည့်အတွက် လေးစားမှုနှင့် ပညာရေးအသိပညာပြည့်ဝခြင်းမျိုး မရှိကြောင်း ဝေဖန် ပြောဆိုလျက်ရှိသည်။

" ကိုယ့်ကျင့်တရား လူမှုအဖွဲ့အစည်းကိုတာဝန်ယူရတဲ့ဆရာ၊ဆရာမတွေက သုတေသန စာရွက် စာတမ်း အတုလုပ်တယ်ဆိုတာ ဖြစ်လာပြီဆိုရင် ပညာရေးရဲ့တာဝန်ခံမှုက လူမူအဖွဲ့အစည်းကို ဘယ်လိုမျိုး ကိုယ့်ကျင့်တရားနဲ့ တာဝန်ခံတာလည်းဆိုတဲ့မေးခွန်း မေးစရာဖြစ်နေပြီ။ လူမူအဖွဲ့အစည်း နဲ့လူထူကို တာဝန်ခံထားရတဲ့ ဆရာ၊ဆရာမတွေက သူတို့ကိုယ်တိုင်က အတုလုပ်ပြီး ရာထူးရယူခြင်း က ပညာရေးအဖွဲ့အစည်း နဲ့ထိုက်တန်  ရဲ့လား  လို့မေးစရာရှိလာတယ်။ ပညာရေးက လူမှုအဖွဲ့အစည်း ကို ဦးဆောင်နိုင်တဲ့ ကိုယ့်ကျင့်တရားနဲ့ ပညာအရာနဲ့က လူထု ရဲ့ယုံကြည့်မှုကို အကုန်လုံး ပေးအပ် ထားတာ။ ဒီလိုမျိုး မသမာမှုတွေ လုပ်တယ်ဆိုတာ လူထုကို သစ္စာဖောက်တာ နိုင်ငံတော်ကိုလည်းနောက်ကျောဓားနဲ့ထိုးတာ ဖြစ်လာတယ် " ဟု ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂ၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ အာကာမိုးသူ က သုံးသပ်သည်။

ယင်းကဲ့သို့စစ်ဆေးပေါ်ပေါက်မှုတွင် သုတေသနစာတမ်း တစ်စောင်လျှင်၂၅ ဒေါ်လာမှ ၅၀ ဒေါ်လာ အတွင်းတည်ရှိကြောင်း နှင့် ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်များ၏  သုတေသနစာတမ်းပေါင်း နှစ်သောင်း နီးပါး တွင် စာတမ်း အတုပေါင်း ထောင်နှင့်ချီကာ တွေ့ရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်လာခဲ့သည်။

စာတမ်းအတုများ ဆက်လက်စစ်ဆေးခြင်းကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျုတာတက္ကသိုလ်များကို ထပ်မံစစ်ဆေးသွားမည် ဟုသိရသည်။ယင်းကဲ့သို့ တက္ကသိုလ် ဆရာ၊ဆရာမ များ၏ သုတေသန စာတမ်းအတုများ ထွက်ပေါ်လာခဲ့မှုအတွက် အောက်တိုဘာလ ၂၆ ရက်နေ့အထိ ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ကြေညာခြင်းမျိုး မရှိသေးပေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly