နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို AA ဖမ်းဆီး

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို AA ဖမ်းဆီး

ရန်ကုန်၊ အောင်တိုဘာ ၂၆။        ။ မောင်တောရှိ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲဌာနချုပ်တွင်တာဝန်ထမ်းဆောင်ရန် အမြန်ယာဉ်တစ်စင်းဖြင့် လိုက်ပါ လာသည့် နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင်အချို့ကို ရက္ခိုင့်တပ်(AA) မှ ဖမ်းဆီးခဲ့သည်ဟု တပ်မတော် ဘက်မှ ပြောဆိုလိုက်သည်။

အဆိုပါရဲတပ်ဖွဲ့ဝင်များမှာ လက်နက်ကိုင်ဆောင်ထားခြင်းမရှိသကဲ့သို့ ရဲယူနီဖောင်း ဝတ်ထားခြင်းမျိုးလည်း မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နေပြည်တော်တွင် အောက်တိုဘာလ ၂၆ရက်က ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

“ စစ်ဆင်ရေးအတွက် အသုံးပြုနေတာမဟုတ်ဘူး။  ရဲတပ်ဖွဲ့ဝင်တွေသည် ဒီယာဉ်ကိုလိုက်စီးတာ စစ်ဆင်ရေးအတွက်လိုက်စီး တာမ ဟုတ်ဘူး “ ဟု၎င်းကဆိုသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများထဲတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသာမက ရဲမိသားစုဝင်များလည်း ပါဝင် ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောဆိုခဲ့ပြီး ဖမ်းဆီးခံရသူဦးရေအတိအကျကိုမူ မသိရသေးဟုဆိုသည်။
ဖမ်းဆီးခံ ရဲတပ်ဖွဲ့ဝင်များမှာ စစ်ကိုင်းတိုင်းမှ ရခိုင်ပြည်နယ်သို့ပြောင်းရွှေ့လာသူအများစုဖြစ်ပြီး အရာရှိအဆင့် ၁၁ ဦးနှင့် အခြားအဆင့် ၁၆ ဦးဖြစ်ကြောင်း မဇ္ဈိမမှ ကနဦး စုံစမ်းသိရသည်၊၊

ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ရွှေနဒီအမည်ရှိ အမြန်ယာဉ်သည် အောက်တိုဘာ ၂၆ ရက်နေ့နံနက် ၁၀ နာရီကျော်ခန့်တွင် သေနတ်ဖြင့်လှမ်းအပစ်ခံရသည့်အတွက် ကမ်းဘေးရပ်ပေးခဲ့ရကြောင်း တပ်မတော် ဘက်မှဆိုသည်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် ရေယာဉ်ပေါ်ပါလာသူအချို့ကိုဖမ်းဆီးကာ နံနက် ၁၁ ခွဲခန့်တွင် ရေယာဉ်ကို ပြန်လွှတ်ပေးခဲ့ကြောင်းလည်း တပ်မတော်သတင်းစာရှင်းလင်းပွဲမှသိရသည်။

အဆိုပါကိစ္စရပ်နှင့်ပက်သက်၍ သတင်းအတည်ပြုရန် ရက္ခိုင့်တပ်(AA) သို့ဆက်သွယ်သော်လည်း အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းအထိ အဆက်အသွယ်မရရှိခဲ့ပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ တပ်သားသစ် ၁၈ ဦးနှင့် ဒုတိယ မီးသတ်ဦးစီးမှူး တစ်ဦးတို့ကို မြောက်ဦးမြို့နားတွင် AA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ဖူးသည်။

အဆိုပါကိစ္စရပ်မှာ တပ်မတော်အနေဖြင့် စစ်ဆင်ရေးများတွင် အရပ်သားကားများကို အသုံးပြုခြင်း၊ ယူနီဖောင်းပြောင်း ဝတ်ခြင်းများပြုလုပ်ခြင်းကြောင့် ဖမ်းဆီးစစ်ဆေးရခြင်းဟုလည်း AA ဘက်မှ ပြောဆိုထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required