ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့ကို သီးခြားတွေ့ရန် ကြိုးပမ်းနေဟု KNU ပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့ကို သီးခြားတွေ့ရန် ကြိုးပမ်းနေဟု KNU ပြော
Photo - AFP

ရန်ကုန်၊အောက်တိုဘာ ၂၅။        ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို သီးခြားစီ တွေ့ဆုံနိုင်ရေးအတွက် ကြိုးပမ်းနေသည် ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက မဇ္စျိမကို ပြောသည်။

KNU တွဲဖက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက “ တွေ့ဆုံနိုင်ဖို့ ညှိနှိုင်းနေတယ်။ အတွင်း ရေးမှူးချုပ်ပဲ တာဝန်ပေးထားတော့ ဟိုဘက်က ဘယ်လိုအခြေအနေရှိလည်းတော့ မသိသေးဘူး ” ဟု ပြောသည်။

KNU သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အောက်တိုဘာ ၂၈ ရက်တွင် လည်းကောင်း၊ အောက်တိုဘာ ၂၉ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်းကောင်း တွေ့ဆုံနိုင်ရန် အဆိုပြုထားကြောင်း မဇ္စျိမမှ စုံစမ်းရရှိသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံမှုကို အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းတွင် ကျင်းပမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ၄ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပ အပြီး ညနေပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးကမူ လောလောဆယ် ပြော၍ မရသေးကြောင်း မဇ္စျိမ သို့ ပြောသည်။

“လောလောဆယ် ပြောလို့ မရသေးဘူး။ ရမှပြောတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တွေ့ချင်တာပဲ ရှိတယ်လေ။ တွေ့ဖို့ကြိုးစားနေတယ် ” ဟု ၎င်းက ပြောသည်။

KNU သည် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံရာတွင် ၂၀၂၀ မတိုင်ခင်နှင့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေ အပါအဝင် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေး အဓိကထား ဆွေးနွေးသွားရန် ရှိသည်ဟု KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက ပြောသည်။

အစိုးရနှင့် နီးစပ်သူ တဦးကမူ KNU ဘက်မှ အောက်တိုဘာ ၂၈ ရက်နေ့တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် အဆိုပြုထားပြီး အောက်တိုဘာ ၂၉ ရက်တွင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်  သီးခြားစီ တွေ့နိုင်ရေး အဆိုပြုထားကြောင်း မဇ္စျိမသို့ ပြောသည်။

“ အစိုးရဘက်ကတော့ အဆင်ပြေတယ်ဆိုပြီးတော့ ပြောသံကြားတယ်။တပ်မတော်ဘက်ကတော့ အကြောင်း ပြန်တာ မကြားသေးဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ပါက ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်မှ ဥက္ကဋ္ဌဖြစ်သည့် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နှင့် အထွေထွေအတွင်းရေးမှူးချုပ်တို့အပါအဝင် ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

KNU နှင့် တပ်မတော်အကြား ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း လမ်းဖောက်လုပ်မှု အခြေ အနေကြောင့် ၂၀၁၈ ခုနှစ်၊ မတ်လက နားလည်မှုလွဲကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်အထိ တိတိကျကျ ရှင်းလင်းမှု မရှိ သေးကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများနှင့် သဘောထား ကွဲလွဲမှုများဖြစ်ပြီးနောက် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည်၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် ရန်ကုန်မြို့၌ အလွတ် သဘော တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့နောက် KNU သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၅၊၁၆ ရက်က ကျင်းပခဲ့သော ၁၀+၁၀ ထိပ်သီး အစည်းအဝေး၌ မကြေလည်မှုများ ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင် အစည်း အဝေးများ တက်ရောက်နေ  ခြင်းကို ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် KNU သည် တရားဝင် အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိ နေသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required