တပ်မတော်မှပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့သူမှာ AA နှင့်ပတ်သက်သူဖြစ်ဟုတပ်မတော်ဆို

တပ်မတော်မှပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့သူမှာ AA နှင့်ပတ်သက်သူဖြစ်ဟုတပ်မတော်ဆို

ရန်ကုန်၊ အောက်တိုဘာ ၁၆။            ။ ကျောက်တော်မြို့တွင် အောက်တိုဘာ ၁၆ ရက်နေ့က တပ်မတော်မှအသေပစ်ခတ်ဖမ်းဆီးမိခဲ့သူမှာ ရခိုင့်တပ် (AA) နှင့်ပတ်သက်သူဖြစ်သည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောသည်။

သေဆုံးသူသည် တပ်မတော်စစ်ကြောင်းမှ စစ်ဆေးရန်ခေါ်ဆိုစဉ် မလာရောက်သောကြောင့် ပစ်ခတ်ဖမ်းဆီး ခဲ့ရခြင်းဟုလည်း ၎င်းကဆိုသည်။

“ကျောက်တော်ဘက်မှာ စစ်အောင်ရွာရဲ့အရှေ့ဘက်မှာ မသင်္ကာဖွယ်အမျိုးသားတစ်ဦးတွေ့လို့ စစ်ဆေးဖို့ ခေါ်ယူတယ်။ သူကိုယ်တိုင်ကလည်း ဖုန်းနဲ့ တပ်မတော်စစ်ကြောင်းတွေ သွားလာနေတာကို သတင်းပို့နေ တာကို ကြားရတယ်။ အဲ့မှာ မလာဘူး။ ပစ်ခတ်ဖမ်းပြီးတော့ အသေရတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကဆိုသည်။

အသေဖမ်းဆီးရမိခဲ့သူ၏ လက်ကိုင်ဖုန်းထဲတွင် AA အဖွဲ့သို့ messenger မှတစ်ဆင့် တပ်မတော်လှုပ်ရှား စစ်ကြောင်းများ၏ သတင်းများကို ပေးပို့ထားချက်များစစ်ဆေးတွေ့ရှိရသည်ဟုလည်း ၎င်းကဆိုသည်။
အဆိုပါပစ်ခတ်မှုတွင် အသက် ၅၃ နှစ်အရွယ် စစ်အောင်ရွာသားတစ်ဦးသေဆုံးခဲ့သည့်အပြင် အသက် ၂၄ နှစ်အရွယ် ရွှေလှိုင်ရွာသား တက္ကသိုလ်ကျောင်းသားတစ်ဦးလည်း သေနတ်ကျည်မှန်ကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများ၏ပြောဆိုချက်အရသိရသည်။

“အဲ့တာတော့ ကျွန်တော်တို့မသိဘူး။ ခုနပြောတဲ့တစ်ခုတော့ရှိပါတယ်။ အဲ့မှာတိုက်ပွဲဖြစ်ပွားခဲ့တာတော့မရှိဘူး။ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ဟာတော့ရှိတယ်” ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောသည်။

တပ်မတော်ဘက်မှပြောကြားချက်နှင့်ပတ်သက်၍ ရခိုင့်တပ် (AA)အဖွဲ့သို့ မေးမြန်းရာ သေဆုံးခဲ့သူမှာ မိမိတို့တပ်ဖွဲ့ဝင်မဟုတ်ဘဲ သာမန်အရပ်သားတစ်ဦးသာ ဖြစ်နိုင်ကြောင်းငြင်း ဆိုသည်။

“ဖုန်းထဲမှာ ဆက်သွယ်ထားတာတွေ့တယ်ဆိုတာ ဒါကတော့လုံးဝမဖြစ်နိုင်ဘူးဗျ။ အဲ့လူကတော့ ကျွန်တော် တို့နဲ့ဘာမှပတ်သက်မှုမရှိဘူး။ သူတို့အဲ့ဒီ့ဖုန်းကို တကယ့်ပညာရှင်တွေနဲ့ တကယ်စစ်ဆေးရဲသလား ဆိုတာ မေးခွန်းထုတ် စရာရှိတယ်” ဟု ရခိုင့်တပ် (AA) ပြန်ကြားရေးတာဝန်ရှိသူ ဦးခိုင်သုခကဆိုသည်။

ရခိုင်ဒေသတွင် တပ်မတော်နှင့်ရခိုင့်တပ် (AA) တို့၏ တိုက်ပွဲကာလ တစ်နှစ်နီးပါးအတွင်း AA ဘက်မှရော၊ တပ်မတော်ဘက်မှပါ အရပ်သားများကို ဖမ်းဆီးစစ်ဆေးခဲ့သည့်ဖြစ်စဉ်များရှိခဲ့သည်။

ထို့အပြင် အဆိုပါတိုက်ပွဲကာလအတွင်း စုစုပေါင်းအရပ်သား သေဆုံးသူ ၁၀၀ နီးပါးအထိကပ်လာပြီး ဒဏ်ရာရသူမှာ လူဦးရေ ၁၃၀ ခန့်ဖြစ်လာပြီလည်းဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required