အပစ်ရပ်စာချုပ်ကို ဆက်လက် အကောင်အထည်ဖော်မည့် UPDJC ကော်မတီဖွဲ့စည်း

အပစ်ရပ်စာချုပ်ကို ဆက်လက် အကောင်အထည်ဖော်မည့် UPDJC ကော်မတီဖွဲ့စည်း
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်ထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေးကို နေပြည်တော်ရှိ Hotel Max တွင် ပြုလုပ်စဉ်

နေပြည်တော်၊ အောက်တိုဘာ ၁၆ ။ ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးအပြီး နောက်တစ်နေ့ အောက်တိုဘာ ၁၆ရက်တွင် တစ်ဖက် ရှစ်ဦးစီပါဝင်သည့့်ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ (UPDJC)ကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

"အဲ့ဒီ့ကော်မတီကို ဖွဲ့ထားပေမယ့် အဲ့ဒီ့ကော်မတီထဲမှာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဘယ်ပုံသဏ္ဍန်နဲ့လုပ်မယ်ဆိုတဲ့ အသေးစိတ်ကို ကျွန်တော်တို့ မဆွေးနွေးနိုင်သေးဘူး"ဟု UPDJC အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး (CNF)မှ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

အပစ်ရပ်စာချုပ် လက်မှတ်ထိုးအပြီး နောက်တစ်နေ့ အောက်တိုဘာ ၁၆ရက် နှင့် ၁၇ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်ထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေးကို နေပြည်တော်ရှိ Hotel Max တွင် ပြုလုပ်ခဲ့ပြီး UPDJC ကို ဖွဲ့စည်းလိုက်ခြင်းလည်းဖြစ်သည်။

"ဒီအစည်းအဝေးက မနေ့က ကျွန်တော်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ချက်ချင်းအသက်ဝင်ဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်"ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

ယင်းကော်မတီတွင် အစိုးရဘက်မှ တပ်ပိုင်းဆိုင်ရာအကြီးအကဲများအပါအဝင် ၁၆ဦး၊ တိုင်းရင်းသားများဘက်က လက်မှတ်ထိုးထားသည့် အဖွဲ့တစ်ဖွဲ့လျှင် နှစ်ဦးစီ နှင့် ၁၆ဖြင့် ကနဦးဖွဲ့စည်းလိုက်သည်။ ထို့အပြင် ကော်မတီတွင် နိုင်ငံရေးပါတီများဘက်ကလည်း အချိုးကျ ၁၆ဦး ပါဝင်ရဦးမည်၍ နိုင်ငံရေးပါတီ ၉၂ပါတီထဲက ၁၆ဦးကို ရွေးကောက်ပွဲအပြီး ရွေးချယ်ကာ ပါဝင်လာဦးမည်ဟု အစိုးရဘက်က ကိုယ်စားပြုပြီး ရှင်းလင်းပေးသည့် MPCမှ ဦးလှမောင်ရွှေက ပြောသည်။

"သုံးဖွဲ့လုံးပါတဲ့ UPDJC ဆိုတာဖြစ်လာပြီးမှသာ Frame Work Meeting ကိုသွားမှာပါ။ ဒါကြောင့် နိုင်ငံရေးပါတီတွေ မပါဘဲလည်း Frame Work Meeting မသွားပါဘူး။ Frame Work Meeting ပြီးမှပဲ နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျွန်တော်တို့ ဆက်သွားမယ်"ဟု ဦးလှမောင်ရွှေက ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲနှင့် ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ (UPDJC)က ရက်ပေါင်း ၆၀ အတွင်း ရေးဆွဲရမည်ဖြစ်သည်။ မူဘောင်ရေးဆွဲအပြီး ရက်ပေါင်း ၃၀ (အပစ်ရပ်စာချုပ် လက်မှတ်ထိုးအပြီး ရက် ၉၀အတွင်း) နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်ဖြစ်သည်။

"အဲ့ဒီ့အတွက်ကြောင့် ဒီနေ့မှာ ကျွန်တော်တို့ အမြန်ဆုံးကြိုးစားပြီး UPDJC ကိုဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီ့လိုဖွဲ့စည်းနိုင်မှ သူ့ရဲ့ အထောက်အကူပြု လုပ်ငန်းကော်မတီတွေကို ဆက်လက်ဖွဲ့စည်းပြီးတော့မှ သတ်မှတ်ထားတဲ့ရက်ပေါင်း ၃၀၊ ၆၀၊ ၉၀အတွင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်" ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် UPDJC တွင် အပစ်ရပ်စာချုပ်ချုပ်ဆိုထားသည့် အဖွဲ့ ၈ဖွဲ့အပြင် စာချုပ်တွင် လက်မှတ်ရေးထိုးမှု မရှိသေးသည့် အဖွဲ့များအနေဖြင့် ပါဝင်လာနိုင်အောင်လည်း စီစဉ်ထားသည်ဟု သိရသည်။ စာချုပ်တွင် လက်မှတ်မထိုးသေးသည့် အဖွဲ့များ လက်မှတ်ထိုးလာချိန်တွင် ယင်းကော်မတီတွင် ပါဝင်လာနိုင်ရန်လည်း ယနေ့ သဘောတူထားပြီး ဖြစ်သည်ဟု ဆိုသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို အောက်တိုဘာ ၁၅ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခိုင်လွတ်မြောက် ရေး ပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /ရှမ်းတပ်မတော် (RCSS/SSA)တို့က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုသမ္မတများ၊ ပြည်ထောင်စုလွှတ်တော်နာယက အပါအဝင် အစိုးရအဖွဲ့ အကြီးအကဲများ၊ အသိသက်သေများရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required