ရန်ကုန်၊ အောက်တိုဘာ ၈။ ။ နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံမဲစာရင်းကောက်ယူမှုများကို ၂၀၁၉ ခုနှစ်အောက်တိုဘာလလယ်ပိုင်းတွင် အပြီးသတ်ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောခွင့်ရှိသူ ဦးမြင့်နိုင်က မဇ္စျိမသို့ပြောသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်း လုပ်ငန်းကို ၂၀၁၉ ဇန်နဝါရီလမှ စတင် ကောက်ယူခဲ့ခြင်းဖြစ်ပြီး ၁၀ လခန့်အချိန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
“၂၀၁၉ ကတော့အခြေခံမဲစာရင်းပြုစုတာပေါ့နော်။ အခြေခံမဲစာရင်းပြုစုတာကတော့ အခုတစ်ပတ်၊ နှစ်ပတ်လောက်ဆို အားလုံးပြီးသွားတော့မှာပေါ့။ မဲဆန္ဒနယ်သတ်မှတ်ဖို့ကတော့ လိုပါသေးတယ်ဗျ ” ဟု ဦးမြင့်နိုင်ကဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၄ သန်းခန့်ရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၅ သန်းခန့်ထပ်မံတိုးနိုင်ကြောင်းလည်း ၎င်းကဆိုသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပမည့်ရက်နှင့် မဲဆန္ဒနယ်သတ်မှတ်ခြင်းများကို UEC မှ မဆုံးဖြတ်ရသေးဘဲ လက်ရှိအစိုးရ ၅ နှစ် သက်တမ်းမပြည့်မီ ရွေးကောက်ပွဲကို အချိန်မီကျင်းပနိုင်ရန် ကြိုတင်ကြေညာသွားမည်ဟုလည်း ဦးမြင့်နိုင်ကပြောသည်။
“မဲဆန္ဒနယ်သတ်မှတ်ဖို့ကတော့လိုပါသေးတယ်။ အခုအချိန်ကတော့နေရာတိုင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးပမ်းနေပါတယ် ” ဟု ၎င်းကဆိုသည်။
လာမည့် လွှတ်တော်သက်တမ်းအတွက် မဲဆန္ဒနယ်များကို လက်ရှိလွှတ်တော်သက်တမ်းမကုန်မီ နှစ်လအလိုတွင် UEC မှသတ်မှတ်ပေး ရမည်ဟုလည်း ရွေးကောက်ပွဲဥပဒေတွင်ပြဌာန်းထားသည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် လူဦးရေအချက်အလက်ကောက်ယူခြင်းများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လုပ်ဆောင်ပေးပြီး အချက်အလက်မှန်ကန်မှုရှိ၊ မရှိကို လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ စစ်ဆေးအတည်ပြုပေးခြင်းလည်းဖြစ်သည်။
ထို့အပြင် ကောက်ယူသည့်အခါတွင်လည်း ကြီးကြပ်ရေးအဖွဲ့တစ်ခုထားရှိသည့်အပြင် ကောက်ယူ ရရှိသည့်စာရင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ မဲစရင်းအဖြစ် စီစစ်ပြုစုပေးသည့် စနစ်လည်းဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/