ကျေးလက်လမ်းဦးစီးဌာန အပါအဝင် ဌာန သုံးခု၏ အရည်အသွေးစစ်ဆေးမှုအပေါ် ဖျာပုံအမတ် ဝေဖန်

ကျေးလက်လမ်းဦးစီးဌာန အပါအဝင် ဌာန သုံးခု၏ အရည်အသွေးစစ်ဆေးမှုအပေါ် ဖျာပုံအမတ် ဝေဖန်

ပုသိမ်၊ စက်တင်ဘာ ၂၉  ။          ။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် ကျေးလက်လမ်းဦးစီးဌာနနှင့် ပညာရေး၊ ကျန်းမာရေးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် သက်ဆိုင်ရာမှ စစ်ဆေးရာတွင် သေချာစီစစ်ကြပ်မတ်ရန် ဖျာပုံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးဇေယျာမင်းသိန်းက ဝေဖန်ပြောဆိုသည်။

“ကျွန်တော်တို ့မြို့မှာလည်း ရှိပါတယ်။ QC (Quality Control –အရည်အသွေးထိန်းချုပ်မှုှု) စစ်ဆေးမှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး QC စစ်ဆေးမှုဆိုရင် ကိုယ်တို့ မသိရှိရတာ များတယ်၊ သူတို့ဘာသာ သူတို ့လာကြည့့်သွားတယ်၊ ကြည့်တဲ့အခါမှာလည်း အချိန်နဲ ့တစ်ပြေးညီ ကြည့်ဖို ့လိုတာပေါ့။ အဆောက်အဦဆိုတာ မြေပြင်ကနေ အပေါ်အထိ စစ်ဆေးကြပ်မတ်ဖို ့လိုတာပေါ့ ၊ဒါပေမဲ့လည်း သူတို ့က ၂၅ ရာနှုန်း ငွေထုတ်ယူချိန်မှသာ လာပြီးစစ်ဆေးတဲ့ဟာတွေ ရှိတယ်”ဟု လွှတ်တော်အမတ် ဦးဇေယျာမင်းသိန်းက  ပြောသည်။

“ အဓိကအားဖြင့် ကျေးလက်လမ်းဦးစီးဌာနနဲ ့ပတ်သက်တဲ့ဟာပေ့ါ။ ကျေးလက်လမ်းဦးစီးဌာနက QC က ရုံးချုပ် ကနေ လာရောက်စစ်ဆေးတယ်လို့တော့ ပြောတယ်၊ ဒါပေမဲ့လည်း အခုအချိန်အထိ ဘတ်ဂျက် ပြီးဆုံးမဲ့ကာလ ရောက်တဲ့အချိန်အထိ ရုံးချုပ်ကနေ QC စစ်ဆေးမှု တစ်ကြိမ်တစ်ခါမှ လာရောက် ဆောင်ရွက်ခဲ့ခြင်း မရှိဘူး” ဟု ဆက်လက်ပြောသည်။

ကျေးလက်လမ်းဦးစီးဌာနသည် ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်သော အစိုးရဌာနဖြစ်ပြီး ယခင်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်အောက်တွင် ဖြစ်သည်။

“ကျေးလက်လမ်းဦးစီးဌာနအနေနဲ ့ဝန်ကြီးဌာနအကူးအပြောင်းမှာ အားကောင်းလိမ့်မယ်လို့ မျှော်လင့်ထားတယ်၊ ဧရာဝတီတိုင်းဒေသကြီးမှာ တည်ဆောက်ဖို ့လိုတဲ့ တံတားအရေအတွက်က အစင်း ၃၀၀ ခန် ့ရှိတယ်။ မြေသားလမ်းဆိုရင် လမ်းမိုင် ၅၀၀ ခန့် ကျန်နေတယ်။ နိုင်ငံတော်ရည်မှန်းချက်ဖြစ်တဲ့၂၀၃၀ မှာ ကျေးလက်နေ ပြည်သူလူထုအားလုံး ၉၀ ရာခိုင်နှုန်းက ရာသီမရွေးသွားလာနိုင်တဲ့လမ်းအဖြစ် ဆောင်ရွက်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ဆိုရင် ကျေးလက်လမ်းတွေကို အဓိကဆောင်ရွက်တဲ့ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနသည် ခိုင်မာအားကောင်းဖို ့လိုအပ်တာပေါ့” ဟု ဖျာပုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက ထောက်ပြပြောဆိုသည်။

လက်ရှိတွင် ယင်းဌာနသည် ဝန်ထမ်းအင်အားနှင့်ပညာရှင်အင်အား ၊ စက်ယန္တရား နည်းပါးပြီး တင်ဒါပေး ဆောင်ရွက်ရာမှာ အားနည်းချက်များစွာ ရှိနေကြောင်း၊ အရည်အသွေးစံချိန်စံနှုန်းတွင် ပြဿနာများစွာ ရှိနေကြောင်း ၎င်းက ပြောသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရးလုပ်ငန်းများသည် မြေပြင်အခြေအနေတွင် စိစစ်မှု အားနည်းခြင်းများကြောင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် ကြီးကြပ်မှု ပိုမိုအားကောင်းလာစေရန်၊ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ အချိန်မီ ပြီးစီးစေရန် တိုက်တွန်းကြောင်း အဆိုကို  စက်တင်ဘာ ၂၀ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ကျေးလက်လမ်းဦးစီးဌာနအနေဖြင့် ၂ဝ၃ဝ ပြည့်နှစ် မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်လမ်းမိုင် စုစုပေါင်း ၅၅၅ဝဝ ကျော် အား Class A အဆင့်ရှိလမ်းမိုင် ၂၅၆ဝဝ ကျော်ကို ၁၂ ပေအကျယ် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း၊ Class B အဆင့်ရှိ လမ်း မိုင် ၁၇၃ဝဝ ကျော်ကို ၁၂ ပေအကျယ် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း သို့မဟုတ် ကျောက်လမ်း၊ Class Cအဆင့်ရှိ လမ်းမိုင် ၁၂၅ဝဝ ကျော်ကို ၁၂ ပေအကျယ် ကျောက်လမ်း သို့မဟုတ် အမာခံလမ်းအဖြစ် ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းများ ပေါများပြီး တံတားနှင့်လမ်းဖောက်လုပ်ရေး လုပ်ငန်းများ အများဆုံး လုပ်ဆောင်နေရသော တိုင်းဒေသကြီး ဖြစ်ကာ  တံတားဦးစီးဌာန စာရင်းများအရ ဧရာဝတီတိုင်းအတွင်း ပေ ၁၈ဝ နှင့်အထက် တံတား ၉၇ စင်း တည်ဆောက်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly