သွားချေးကျောက်တွေကို သန့်ရှင်းရေးလုပ်ဖို့ လိုအပ်နေပြီလား

သွားချေးကျောက်တွေကို သန့်ရှင်းရေးလုပ်ဖို့ လိုအပ်နေပြီလား

ရေးသားသူ Ye Myo Myat
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သွားချေးကျောက်ဆိုတာ ဘာလဲ။

သွားချေးကျောက်ဆိုတာ ကျွန်တော်တို့သွားတွေရဲ့ အပေါ်ယံကြွေလွှာနဲ့ သွားကြားထဲက အစာတွေ ကပ်ငြိနေလောက်တဲ့ ကြားနေရာ၊ သွားဖုံးပေါ်မှာ ဖြစ်တည်လာတတ်ပါတယ်။ အစပိုင်းမှာ အဝါရောင် အရိအချွဲတွေက သွားပေါ်မှာ ကပ်နေပြီး တစ်သျှူးစနဲ့ သုတ်လိုက်တဲ့အခါမျိုးမှာ အလွယ်တကူကပ်ပါလာတတ်ပါတယ်။ နောက်ပိုင်း အရိအချွဲတွေက များလာပြီး ခြောက်သွားတဲ့အခါ ကျောက်ပုံစံ မာမာအခဲတွေ ဖြစ်လာတာပါ။ အရိအချွဲပုံစံနဲ့ဖြစ်စေ၊ ကျောက်အခဲပုံစံနဲ့ဖြစ်စေ သွားချေးတွေဟာ တခြားလူတွေ သည်းမခံနိုင်လောက်အောင် ဆိုးရွားတဲ့ ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ အဓိကတရားခံပါပဲ။
သွားချေးကျောက်က ဘယ်လိုကနေ စဖြစ်လာတာလဲ။

ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။ အဲ့ထဲက အဖြစ်အများဆုံး တရားခံအကြောင်းရင်းတွေကတော့

  •     သွားမှန်မှန်မတိုက်တာ
  •     သွားကို နည်းစနစ်တကျ မတိုက်တာ
  •     အစာစားပြီး ပလုတ်မကျင်းတာ
  •     သွားပွတ်ကြိုး အသုံးမပြုတာ
  •     တစ်ဖက်တည်းနဲ့ အစာကို ဝါးပြီး ကျန်တဲ့တစ်ဖက်နဲ့ လုံးဝအစာမဝါးဘဲ ပစ်ထားတာကြောင့်ပဲဖြစ်ပါတယ်။

သွားချေးကျောက်ဖယ်ဖို့ အကောင်းဆုံးနည်းလမ်းက ဘာတွေလဲ။

၁။ အရိအချွဲအနေနဲ့ သွားပေါ်မှာ ကပ်ငြိနေတဲ့အခါ ဖယ်ရှားလို့ အလွယ်ကူဆုံးပါပဲ။ အစာစားပြီးတဲ့ အချိန်နည်းနည်း ကြာသွားတဲ့အခါမျိုးမှာ တစ်သျှူးအသန့်နဲ့ သွားနဲ့ သွားဖုံးအပေါ်ကို ဖြည်းဖြည်းချင်း ပွတ်ဆွဲပြီး သုတ်လိုက်တာနဲ့ ကပ်ပါလာတ်တပါတယ်။

၂။ အရိအချွဲလို အခြေအနေမျိုးမှာဆိုရင် သွားတိုက်တဲ့အခါ ဖလိုရိုဒ် (Fluoride) ပါတဲ့ သွားတိုက်ဆေးကိုမှ ဆားနည်းနည်းဖြူးပြီး နည်းမှန်လမ်းမှန်နဲ့ သွားတိုက်ပေးတာပါပဲ။ ဆားက ဘက်တီးရီးယားပိုးတွေကို သေစေတဲ့အပြင် သွားနဲ့ သွားဖုံးကို ထိခိုက်ခြင်းမဖြစ်စေဘဲ မကောင်းတဲ့အရိအချွဲတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

၃။ လျှာကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ လျှာပေါ်မှာလည်း အရိအချွဲတွေဆိုတာ ကပ်နေနိုင်တဲ့အတွက် သွားတိုက်ပြီးတဲ့အခါတိုင်းမှာ လျှာခြစ်တံနဲ့ ခြစ်ချဖို့ လိုပါတယ်။

၄။ အစာစားပြီးတိုင်းမှာ သွားပွတ်ကြိုး (Dental Floss) အသုံးပြုပေးပါ။ သူက သွားပွတ်တံရဲ့ အမွေးအမျှင်တွေ အလွယ်တကူသန့်ရှင်းလို့မရနိုင်တဲ့ ချောင်ကြိုချောင်ကြားနေရာတွေမှာ ကျန်နေတဲ့ အစာဟောင်းတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် ခံတွင်းသန့်ရှင်းရေးအတွက် မရှိမဖြစ် အသုံးဝင်တဲ့ အရာဖြစ်ပါတယ်။

၅။ ကျောက်အနေနဲ့ ဖြစ်လာပြီဆိုရင်တော့ သွားနဲ့ ခံတွင်းဆရာဝန်နဲ့ သေချာသွားပြပြီး သွားချေးကျောက်တွေကို ခြစ်ထုတ်ဖို့ နည်းလမ်းတစ်ခုတည်းသာ ကျန်ပါတော့တယ်။ ဒီကျောက်တွေက သွားကို ဖုံးလွှမ်းသွားတဲ့အခါ သွားတိုက်ရင်လည်း ကျောက်တွေကိုပါ တိုက်နေတာဖြစ်တဲ့အတွက် ကောင်းစွာမသန့်ရှင်းနိုင်တော့ဘူး။ အဲ့တော့ ခံတွင်းထဲမှာ ဘက်တီးရီးယားပိုးတွေ ပွားသထက် ပွားလာပြီး အနံ့ဆိုးတွေ ထွက်လာဖို့ပဲ ကျန်တော့တာပါ။

ကျောက်ခြစ်တာကတော့ သွားနဲ့ ခံတွင်းသန့်ရှင်းရေးရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်တာကြောင့် အရမ်းကြီးကြောက်စရာ မလိုပါဘူး။ သွားကျောက်ခြစ်တဲ့နေရာမှာ အသုံးပြုတဲ့ စက်ကိရိယာ (Drill) နဲ့ ကျောက်တွေကို ဖြည်းဖြည်းချင်းတိုက်စားပေးသွားမှာပါ။ သွေးတော့ နည်းနည်းထွက်နိုင်ပါတယ်။ ဒီကျောက်ခြစ်တဲ့ လုပ်ငန်းပြီးသွားတဲ့အခါ ကိုယ့်သွားက အရမ်းကို ပေါ့ပါးသွားပြီး အနံ့အသက်တွေလည်း မရှိသလောက် နည်းသွားပါလိမ့်မယ်။

၆။ သွားနဲ့ ခံတွင်းဆေးခန်းကို ၆လတစ်ကြိမ်လောက် ပြပြီး ကိုယ့်သွားတွေ ပုံမှန်အလုပ်လုပ်နေလား၊ သန့်ရှင်းရေးလုပ်ဖို့လိုအပ်နေပြီလားဆိုတာ မှန်မှန်စစ်ဆေးသင့်ပါတယ်။

ခံတွင်းကျန်းမာရေးသည် လူတစ်ယောက်ရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေးကို ကောင်းကောင်းသက်ရောက်မှုရှိနိုင်တာကြောင့် မပေါ့ဆဖို့ ထပ်မံအကြံပေးလိုက်ချင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly