မြန်မာ့ငြိမ်းချမ်းရေး တရုတ်စွက်ဖက်မှုမရှိဟု ဦးအောင်မင်းပြော

မြန်မာ့ငြိမ်းချမ်းရေး တရုတ်စွက်ဖက်မှုမရှိဟု ဦးအောင်မင်းပြော

နေပြည်တော်၊ အောက်တိုဘာ ၁၅ ။ ။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံအနေဖြင့် ကူညီပံ့ပိုးမှုသာရှိပြီး ဝင်ရောက်စွက်ဖက်မှု မရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အောက်တိုဘာ ၁၅ရက်က အပစ်ရပ်စာချုပ်ရေးထိုးသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

"တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဝင်ရောက်စွက်ဖက်တာ မရှိဘူးလို့ တင်ပြချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က ဗဟိုအစိုးရဖြစ်တယ်။ ဗဟိုအစိုးရဟာ ပီကျင်းအစိုးရနဲ့ စပ်ဆက်တယ်။ ပီကျင်းရဲ့ ပေါ်လစီက ကျွန်တော်တို့ကို အကူအညီပေးရမယ်ဆိုတာကို ရှိပြီးသား"ဟု ဝန်ကြီး ဦးအောင်မင်းက ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးကို ထောက်ခံသူ၊ တွန်းအားပေးသူသာ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Sun Guoxianက ပြောကြားသည်။

"တရုတ်နိုင်ငံက ငြိမ်းချမ်းရေးကို ထောက်ခံသူဖြစ်ပါတယ်။ တွန်းအားပေးသူဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံခဲ့ပါတယ်။ အခုဆိုလည်း ကျွန်တော်တို့ ထောက်ခံခဲ့ပါတယ်။ နောင်မှာလည်း တက်တက်ကြွကြွ ထောက်ခံခဲ့ပါတယ်။ "ဟု သံအမတ်ကြီးက ပြောသည်။

တရုတ်-မြန်မာနယ်စပ်တွင် အခြေချသည့် ကချင်၊ ဝ၊ ကိုးကန့် တပ်ဖွဲ့များ နှင့် ပတ်သက်၍ တရုတ်၏ လွှမ်းမိုးမှု ရှိနိုင်သည်ဟု ဝေဖန်ခံနေရသည့် အချက်ကို ၎င်းက ငြင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။

"ကျွန်တော်ဟာ ဝ နဲ့ ကချင်ဘက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့ဟာ NCA စာချုပ်ကို လက်မှတ်ရေးထိုးဖို့ အမြဲတမ်းတိုက်တွန်းနေပါတယ်။ ကျွန်တော်ကတော့ သူတို့ကို ပြောနေပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် အကောင်အထည်ဖော်ဖို့ အချိန်လိုအပ်ပါတယ်။ တညချင်း ချက်ချင်းလုပ်လို့ မရပါဘူး။"ဟု Mr.Sun Guoxianက ပြောကြားသည်။

အောက်တိုဘာ ၁၅ရက်တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ချုပ်ဆိုသည့် အခမ်းအနားတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်၊ အန္ဒိယ နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များ၊ သံအရာရှိများက လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။ ယင်းအပြင် အီးယူ၊ ကုလသမဂ္ဂ နှင့် ဂျပန်နိုင်ငံတို့ကလည်း မျက်မြင်သက်သေအဖြစ် တက်ရောက်ခဲ့သည်။

မြန်မာ့ငြိမ်းချမ်ေးရး ဖြစ်စဉ်တွင် တရုတ်နိုင်ငံက ထောက်ပံ့မှုများရှိပြီး အစမှ အဆုံး ကူညီပေးမှုများရှိသည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လက်မှတ်ရေးထိုးပွဲအပြီး တရုတ်သံအမတ် နှင့် ပူးတွဲပြီး မြန်မာ-တရုတ် မီဒီယာများကို ပြောကြားခဲ့သေးသည်။

"တရုတ်နိုင်ငံရဲ့ အထောက်အပံ့လည်း အများကြီးရပါတယ်၊ သူတို့နဲ့လည်း လက်တွဲပြီး ဆောင်ရွက်သွားမယ်”ဟု ဦးအောင်မင်းက ပြောသည်။

ယင်းအပြင် တရုတ်ပြည်မ အစိုးရသာမက ယူနန်ပြည် အစိုးရကလည်းမြန်မာ့ငြိမ်းချမ်းရေးကို လိုလားကြောင်း ဦးအောင်မင်းက ပြောကြားခဲ့သေးသည်။

"ယူနန်အစိုးရက နယ်စပ်ဒေသ လုံခြုံရေးကို သူတို့ လိုလားပါတယ်။ နယ်စပ်ဒေသ လုံခြုံရေးချမ်းနေမှသာ သူတို့စီးပွားရေးကောင်းမှာဖြစ်တဲ့အတွက် သူတို့ ငြိမ်းချမ်းရေးကို လိုလားပါတယ်"ဟု ဦးအေင်မင်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly