တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့သည့်အပေါ် အမြင်များ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့သည့်အပေါ် အမြင်များ
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၁၅ရက်တွင် နေပြည်တော်ရှိ MICC 2တွင် ကျင်းပစဉ်။(ဓာတ်ပုံ-သိင်္ဂီထွန်း၊မဇ္ဈိမ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)ကို အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ဖွဲ့တို့သည် နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် အောက်တိုဘာ ၁၅ရက်က လက်မှတ်ရေးထိုးခဲ့ကြပြီဖြစ်သည်။

ယင်းသို့ လက်မှတ်ရေးထိုးအပြီးတွင် လက်မှတ်ရေးထိုးပြီးသည့် အဖွဲ့များက ရက်ပေါင်း ၉၀အတွင်း နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းနိုင်ရန် ကြိုးပမ်းရတော့မည်ဖြစ်သည်။ လက်မှတ်ထိုးထားပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ နှင့် အစိုးရတို့ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်သွားရန် ဘယ်လို ဆောင်ရွက်မလဲ။ အားလုံးပါဝင်ရေး မဆောင်ရွက်နိုင်ဘဲ လက်မှတ်မထိုးနိုင်သေးသည့် အဖွဲ့များ ကျန်ရှိနေသေးသည့်အပေါ် ဘယ်လိုကြိုးပမ်းဆောင်ရွက်မလဲ စသည်တို့ကို လက်မှတ်ရေးထိုးပွဲတက်ရောက်လာသူအချို့၏ အမြင်များကို စုစည်းဖော်ပြလိုက်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးမြင့်စိုး
အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တလျောက်လုံးပါဝင်သူ

အန်စီအေ လက်မှတ်ရေးထိုးပွဲမှာ အားလုံး မပါတဲ့အတွက် တခြားထောက်ပြစရာရှိတယ်။ ဒါပေမယ့် သေေသေချာချာ ပြန်ကြည့်လိုက်မယ်ဆိုရင် ခုမှ သဘောတူညီထားတဲ့ စာချုပ်ကို အဖွဲ့ ၈ဖွဲ့က လက်မှတ်ထိုးတယ် ကျန်တဲ့ဟာတွေက ဒီသဘောတူ စာချုပ်အပေါ်မှာပဲ ဆက်ထိုးမှာပဲ။ တနိုင်ငံလုံးအနေနဲ့ ပစ်ခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးပွဲမှာ တိုင်းရင်းသား အဖွဲ့အားလုံးမပါပေမယ့် အစလို့ပြောလို့ရတယ်။ ဒါမှသာ သဘောတူညီထားတဲ့ စာချုပ်ကိုစထိုးတာ။ ဒါမှ ငြိမ်းချမ်းရေးရဲ့ အစလို့ပြောလို့ရတယ်။

ကျန်တဲ့အဖွဲ့တွေ မပါသေးတာက ၂ ပိုင်းရှိတယ်။ အရင်တုန်းက လုပ်တဲ့ပုံစံက  သဘောတူစာချုပ်ဆိုတာကို အကောင်အထည် မပြဘဲ တဖွဲ့ချင်းညှိရတာ။ ခုက သဘောတူစာချုပ်ဆိုတဲ့ အကောင်အထည် ပြထားပြီ။ ဒါကလည်း ပါဝင်တဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ဖွဲ့က အကုန်ပါဝင်ဆွေးနွေးခဲ့ကြတာ။ ကျန်တဲ့အဖွဲ့တွေက မပါတဲ့ အဖွဲ့တွေရှိတယ်။ ဥပမာ MNDAA ဆိုရင် အဖွဲ့တည်းမှာမပါဘူး။ ကျန်တဲ့ ဝ အဖွဲ့တွေက နဂိုတည်းကမပါဘူး။ ဒါတွေကို ဆွဲထည့်ပြီးတော့ အားလုံးမပါဘူးလို့ပြောလို့မရဘူး။ အရင်က ၁၆ဖွဲ့မှာ ၁၅ ဖွဲ့ကို ကမ်းလှမ်းတယ်။ အားလုံးမပါလို့ ပြောကြမယ်။ ဒါပေမယ့် ဒါကသဘောတူညီထားတဲ့ စာချုပ်ကို အစအနေနဲ့ ဦးစွားရေးထိုးတယ်။ ကျန်တဲ့အဖွဲ့တွေက ဆက်ထိုးမှာပဲ။

တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာက တပ်ရင်း အနေနဲ့ဖြစ်တာ။ လက်မှတ်ထိုးပြီးရင် တိုက်ပွဲတွေကို လျှော့ချသွားနိုင်မှာပါ။

ပူဇင်ကျုံး
ချင်းအမျိုးသားတပ်ဦး (CNF)

ကျွန်တော်တို့ဒီကနေ့ဟာ အပစ်အခတ်ရပ်စဲရေးကနေ ငြိမ်းချမ်းရေးကိုချီတက်တဲ့ပွဲပါ။ တစ်နည်းအားဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့ကျသွားတဲ့ အင်မတန်မှ နေ့ထူးနေ့မြတ်နေ့ ဖြစ်ပါတယ်။

ကျွန်တော်တို့ ညှိနှိုင်းအစည်းအဝေးကြီး ရှိပါတယ်။ ညှိနှိုင်းအစည်းအဝေးမှာ COC တို့ Frame Work တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ JICM လို့ခေါ်တဲ့ Joint Implementation and Coordination Meeting (ပူးတွဲအကောင်အထည်ဖော်ရေးအစည်းအဝေး) တို့၊ ဆွေးနွေးမှုအဆင့်ဆင့်ကို ဦးဆောင်တဲ့ကော်မတီတို့ Joint Working Committee တို့ ဖွဲ့သွားဖို့ ရှိပါတယ်။ ပြီးတော့မှ တစ်လအတွင်းမှာ ဆွေးနွေးရမယ့်ကိစ္စတွေ၊ နှစ်လအတွင်းမှာ ဆွေးနွေးရမယ့် ကိစ္စတွေ၊ သုံးလအတွင်းမှာ ဆွေးနွေးရမယ့် ကိစ္စတွေ ရှိပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတို့ပေါ့။ အဲ့ဒီ့ဆွေးနွေးပွဲမှာ သူတို့ကို (လက်မှတ်မထိုးရသေးသည့်အဖွဲ့များကို ရည်ညွှန်းကာ) ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။ ကော်မတီမှာလည်း သူတို့အတွက် နေရာထားပေးမှာ ဖြစ်ပါတယ်။ ထိုနည်းတူ ကျွန်တော်တို့ ထိုးတဲ့အဖွဲ့တွေနဲ့ မထိုးတဲ့ အဖွဲ့တွေကြားမှာ မကြာခဏ တွေ့ဆုံမှုတွေ ရှိပါမယ်။ ဒီကြားထဲမှာ ပါဝင်လာနိုင်ရင်တော့ Process ထဲမှာ သူတို့ပါဝင်လာနိုင်တာပေါ့။ ဒီကြားထဲမှာ မပါဝင်လာနိုင်ရင်တော့ သူတို့ကို လေ့လာသူအဖြစ် ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ကတော့ အပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ဖို့ အစိုးရကို အမြဲပဲပြောနေပါတယ်။ နှစ်ဖက် ပစ်ခတ်နေရင် ယုံကြည်မှုပျက်တယ်။ နိုင်ငံရေး ဆွေးနွေးပွဲ တက်ဖို့အတွက်လည်း အဟန့်အတားဖြစ်တဲ့အတွက်ကြောင့် ဒါကိုတော့ မလုပ်ပေးပါနဲ့။ တိုင်းရင်းသားဘက်ကလည်း လှုပ်ရှားစစ်တွေ မလုပ်ဘဲ နှစ်ဖက်ကြားမှာ ထိန်းသိမ်းပြီးတော့ လုပ်သွားဖို့ ပြောပါတယ်။

နောက်ပြီး ဒီအစည်းအဝေးပြီးရင် JICM လို့ခေါ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာလည်း တင်ပြသွားမှာ ဖြစ်တယ်။

တပ်မတော်ကတော့ အမြဲတမ်းပြောပါတယ်။ သူတို့အနေနဲ့ ထိုးစစ်ဆင်တာမျိုးတွေ မလုပ်ဘူးပေါ့လေ။ ဒါပေမယ့်လို့ ဒီကနေ့ကြားနေတာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါတပ်မတော်ကိုလည်း ကျွန်တော်တို့ တင်ပြမှာပါ။ ၁၄ရက်အတွင်းမှာ ဆိုရင် တပ်မတော်နဲ့ ကျွန်တော်တို့ တပ်မှူးကြီးတွေနဲ့ တွေ့မှာပါ။ တွေ့တဲ့အချိန်မှာလည်းပဲ ပစ်ခတ်တိုက်ခိုက်မှု ရှိတဲ့ကိစ္စကို တင်ပြမှာပါ။

ဦးသိန်းဇော် - ဒု-ဥက္ကဋ္ဌ

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ

အခု ထိုးတဲ့တိုင်းရင်းသား လက်နက်ကိုင်  ၈ဖွဲ့အပြင် ကျန်တဲ့အဖွဲ့တွေကို သမ္မတကြီးက တံခါးဖွင့်ထားပါတယ်လို့ ပြောပါတယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် မပါဝင်လာနိုင်သေးတာပါ။ မကြာခင်မှာ ပါဝင်လာနိုင်ဖို့မျှော်လင့်လည်း မျှော်လင့်ပါတယ်။ ဖိတ်လည်း ဖိတ်ခေါ်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တလျှောက်မှာ ပါဝင်သူ တယောက်အနေနဲ့အန်စီအေဟာ ခိုင်မာတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆောင်ရွက်ခွင့်ပဲ။ အာမခံချက်ရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဖော်ဆောင်ဖို့ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ ခိုင်မာတဲ့ ပစ်ခတ်တိုက်ခိုက်ရေးတွေကို ရပ်စဲပြီး၊ အာမခံချက်ရှိတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို  လုပ်နိုင်ဖို့ဖြစ်တယ်။ အဲဒါရဲ့ အနှစ်ချုပ်က အန်စီအေပဲ ဖြစ်ပါတယ်။ အန်စီအေကလည်း နိုင်ငံတော်ပိုင်းက အစိုးရကော၊ လွှတ်တော်၊တပ်မတော်ကော၊ တိုင်းရင်းသားတွေ ဖက်ကဆိုရင်လည်း  တိုင်းရင်းသားအဖွဲ့တွေ ညှိညှိနှိုင်းနှိုင်းနဲ့ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာက ကြီးကြီးမားမားတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့်နဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတာ မဟုတ်ဘူး။ ဒေသန္တရနဲ့ သူနေရာလေးတွေမှာ ဖြစ်နေတာဖြစ်တယ်။ ဒါငြင်းလို့ မရဘူး။ ဒါတွေကို ညှိညှိနှိုင်းနှိုင်းနဲ့ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဦးဝင်းထိန် - ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ကျွန်တော်က observer (လေ့လာသူ) အနေနဲ့ပဲ ဒီအခမ်းအနားကို တက်ရောက်တာဖြစ်တယ်။ အသိသက်သေ ထဲမှာ လည်း ကျွန်တော်မပါပါဘူး။ လက်မှတ်ရေးထို့ဖို့လည်း အစီအစဉ်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ (တိုင်း ရင်းသား လက် နက်ကိုင်အဖွဲ့) အကုန်မပါလို့။ ပါတဲ့လူနဲ့မပါတဲ့လူတွေကြားမှာ စိတ်ဝမ်းကွဲမှာစိုးလို့။ observer အ နေနဲ့ပဲ တက်တယ်ဆိုတာ ဒါ ကျွန်တော်တို့ပါတီရဲ့သဘောထားပေါ့။ ကျွန်တော်တို့ပါတီအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်။ အကုန်လုံးပါတယ်ဆို ရင် ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ထိုးမယ်။ ဒါပေမယ့် အခုက ပါ တဲ့အဖွဲ့ကပါတယ်။ မပါတဲ့အဖွဲ့က မပါဘူးဆိုတော့ တိုင်းရင်းသားတွေကြားမှာ စိတ်ဝမ်းကွဲပြားမှုဖြစ်နိုင်တယ်။ ဒါကြောင့်မထိုးတာ။

ဦးခွန်မြင့်ထွန်း  - ဥက္ကဋ္ဌ

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)

အားလုံး အတူတကွ ပါဝင်ရေးကိုဆောင်ရွက်တဲ့အခါမှာ အစိုးရဘက်ကလည်း အကြောင်းကြောင်းကြောင့် လက်ခံနိုင် တာတွေရှိတယ်။ လက်မခံနိုင်တာတွေရှိတယ်။ ရှိလာတဲ့ အခါမှာ ဒီအားလုံးပါဝင်ရေးဆိုတာကို အဓိပ္ပါယ် ဖွင့်ဆိုချက်က နှစ်မျိုးရှိ လာပါတယ်။ တစ်ခုကတော့ အားလုံး တစ်ပြိုင်နက်ပါဝင်ပြီး လက်မှတ်ရေးထိုးဖို့  နောက်တစ်ခုကတော့ လက်မှတ်ရေး ထိုးတဲ့ အချိန်မှာ တစ်ပြိုင်နက်တည်းမပါသော်လည်း နိုင်ငံရေးဆွေးနွေးပွဲမှာ အားလုံးပါလာရင်တော့ အားလုံးပါ ဝင်ရေးဖြစ်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုတာဒီနှစ်ခု ပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် အင်န်စီအေစာချုပ်ဟာ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့နေရာ မှာ ရိုးရိုးသာမန် အပစ်အခတ်ရပ်စဲရေးမဟုတ်ဘဲနဲ့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်ဖို့အတွက်ကို ဦးတည်ထားတာဖြစ်တယ်။ နိုင်ငံရေး ဆွေးနွေးပွဲမှာ အားလုံးပါရင်တော့ အားလုံးပါဝင်တာ ပဲ ဖြစ်တယ်ဆိုတဲ့ အယူအဆပေါ်မှာ ရပ်ပြီးတော့ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့် အင်န်စီအေစာချုပ်ကို အကောင်အထည်ဖော်ဖို့ဆိုတာမှာ ဒီနေ့ကနေစပြီးတော့ ဖြစ်နေတဲ့ ထိုးစစ်တွေ အမြန်ဆုံးရပ်ဆိုင်းသွားဖို့နဲ့ ကျန်နေတဲ့လက်မှတ်မထိုးရသေးတဲ့ ကျွန်တော်တို့ညီနောင် တိုင်းရင်းသားအဖွဲ့အစည်းတွေပါ အင်န်စီအေစာ ချုပ်မှာ ပါဝင်လက်မှတ်ထိုးရေးဟာ အရေးကြီးတဲ့အချက်နှစ်ချက်လို့ ကျွန်တော်တို့မြင်ပါတယ်။ အဲ့ဒီအချက်တွေ ရအောင် ကျွန်တော်တို့ကတော့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့ ၈ဖွဲ့အ နေနဲ့ အစိုးရနဲ့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားညီနောင် အဖွဲ့အစည်းတွေကြားမှာ ပေါင်းကူးတံတားလုပ်ပေး ရမှာဖြစ်ပါတယ်။ ဒီလို လုပ်တဲ့အခါမှာ ကျွန်တော်တို့အပေါ်မှာ အထင်အမြင်အယူအ ဆမှားယွင်းတာကအစ နှစ်ဘက်တော့ ကျွန်တော်တို့အနင်းခံရမှာပါ။ ဒါကိုတော့ ကျွန်တော်တို့ ပြင်ဆင်ထားပြီး သားဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီနှစ်ဘက်ကြားမှာ ကျွန်တော်တို့က အစမ်းသပ်ခံတွေလည်းဖြစ်ပါတယ်။ ဒါကျွန်တော်တို့ပွင့်ပွင့်လင်းလင်းပြောတာပါ။ ဘာဖြစ်လို့လဲ၊ ဒီနေ့ကျွန်တော်တို့ အစိုးရနဲ့လာပြီးဆွေးနွေး နေ တယ်။ ညှိနှိုင်းတယ်။ အကောင်အထည်ဖော်တယ်။ ဘယ်လိုဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်နေလဲ ဆို တာကို နောက်မှာ လက်မှတ်မထိုးရသေးတဲ့ ညီနောင်အဖွဲ့အစည်းတွေကလည်း ကြည့်နေမှာဖြစ်ပါတယ်။ ဒီမှာ ဆွေးနွေးမှုအောင်မြင်မှုတွေအပေါ် မူတည်ပြီးတော့ သူတို့လည်း ပါဝင်လာမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ထိပ်သီးအ စည်းအဝေးမှာ သဘောထားတွေထုတ်ပြောကြတဲ့အခါမှာ လက်မှတ်မထိုးဘူးဆိုတာ တစ်ဖွဲ့မှမရှိပါဘူး။ အားလုံး က လက်မှတ်ရေးထိုးဖို့ပဲပြောပါတယ်။ သို့သော်လည်း သူတို့မှာ သင့်တင့်လျောက်ပတ်တဲ့ ပတ်ဝန်းကျင်အခြေအ နေနဲ့ အချိန်အခါ လိုအပ်နေသေးတဲ့အတွက် ဒီအပေါ်မှာ အကြောင်းပြပြီးတော့ လက်မှတ်မရေးထိုးသေး တာဖြစ် ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကလည်း အကောင်းပြအနေနဲ့ကြိုးစားမယ်။ အစိုးရနဲ့ဆောင်ရွက်တဲ့အ ခါမှာ ယုံကြည်မှုကိုတည်ဆောက်သွားဖို့ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly