လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ် ဆန္ဒပြသူများနှင့် လူ့အခွင့်အရေးကော်မရှင်တွေ့ဆုံ

လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ် ဆန္ဒပြသူများနှင့် လူ့အခွင့်အရေးကော်မရှင်တွေ့ဆုံ
ဓာတ်ပုံ - မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရန်ကုန် ၊ စက်တင်ဘာ ၂၇ ။          ။ နိုင်လွတ်လုံဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲခံထားရသည့် ကရင်နီလူငယ်ခြောက်ဦးနှင့် မြန်မာနို်င်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ လွိုင်ကော်ထောင်၌ စက်တင်ဘာ ၂၆ ရက်နေ့က တွေ့ဆုံခဲ့သည်ဟု လူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က မဇ္စျိမသို့ ပြောသည်။

ယင်းသို့တွေ့ဆုံစဉ် ကရင်နီလူငယ်များမှ ထောင်အတွင်းရှိ လယ်သမားများအတွက် ဆန္ဒပြတောင်းဆိုမှုကြောင့် တိုက်ပိတ်ခံရသည်ဟု ဖြစ်စဉ်ကို ကော်မရှင်ထံတင်ပြခဲ့ကြောင်း ဦးယုလွင်အောင်က ဆိုသည်။

“ထောင်ထဲမှာ ကြွေးကြော်သံတွေ အော်ကြတယ်။ အဲ့ဒီတော့ ထောင်စည်းကမ်းအရ သူတို့ကို ပိတ်ထားတာ ပေါ့ဗျာ။ အပြင်ထွက်ခွင့်မပြုတော့ဘူး။ ဧည်တွေ့လည်း ပိတ်ထားလိုက်တယ်။ အဲ့ဒါတွေကို တောင်းဆိုမှုတွေ ထပ်ပြီး ပြုလုပ်ကြတာပေါ့။ ဒီအကြောင်းတွေကို ကျွန်တော်တို့နဲ့ တွေ့တော့ တင်ပြကြတာပေါ့” ဟု ဦးယုလွင်အောင်က ဆိုသည်။

အဆိုပါ လယ်သမားများသည် သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများသို့ ဝင်ရောက်ထွန်ယက် စိုက်ပျိုးခြင်း ကြောင့် ပြည်သူပိုင်ဥပဒေဖြင့် တရားစွဲဆိုခံထားပြီး ယင်းတို့အား ရာဇဝတ်သားများဖြင့် အတူထားရှိခြင်းကြောင့် ကရင်နီလူငယ်များက ဆန္ဒပြတောင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ဆန္ဒပြသူ ကရင်နီလူငယ်များသည် ကယားပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးနှင့်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီအဖွဲ့တို့ကို နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသား သစ္စာဖောက်ဟု ကရင်နီ လူငယ်များက မတ်လ ၂၅ ရက်နေ့တွင်လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းကြောင့် ပြည်နယ် အစိုးရက လူပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ( ၁ဝ ) ဖြင့် တရားစွဲခံခြင်း ဖြစ်သည်။
ယင်းတို့သည် လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံ၌ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူခြင်းကို ဦးဆောင် ကန့်ကွက်သူများလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly