မြေပြင်အထိကွင်းဆင်း စစ်ဆေးပေးရန် တိုင်းအစိုးရကို မအူပင်လယ်သမားများ တောင်းဆို

မြေပြင်အထိကွင်းဆင်း စစ်ဆေးပေးရန် တိုင်းအစိုးရကို မအူပင်လယ်သမားများ တောင်းဆို
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ စက်တင်ဘာလ ၂၆ ။              ။ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှ လယ်သမားများနှင့် အော့ချက်ဒ် ကုမ္ပဏီတို့ကြား လယ်ယာမြေအငြင်းပွားမှုများအတွက် မြေပြင်အထိကွင်းဆင်းစစ်ဆေးပေးရန် တိုင်းအစိုးရအား လယ်သမားများက တောင်းဆိုခဲ့သည်။

"ကွင်းဆင်းလေ့လာသင့်ပါတယ်။ကုမ္ပဏီဘက်နဲ့ ဒေသခံလယ်သမားတွေ ဘက်ကို သေသေချာချာ ကွင်းဆင်းလေ့လာပြီးတော့ သေချာဆုံးဖြတ်စေချင်ပါတယ်။အမေဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်း ညွှန်ချက်တွေကို ပြည်သူဘက်လည်းမလိုက်နဲ့ ကုမ္ပဏီဘက်လည်းမလိုက်ပါနဲ့။ သေသေချာချာ လေ့လာပေးပါ။ကွင်းဆင်းပေးပါ။ အမေဒေါ်အောင်ဆန်းစုကြည်ကလည်း လေးလ ပိုင်း နှစ်ရက်နေ့ က
မအူပင်ခရီးစဉ်မှာလာသွားတုန်းက မှာသွားခဲ့တယ်။ အဲဒီအချိန်ကနေ တိုင်းအစိုးရက ကွင်းဆင်း လေ့လာခြင်း မရှိပါဘူး။ တောင်းဆိုချင်တာက အခုဖြစ်နေတဲ့ကိစ္စကို ကွင်းဆင်းပြီး လေ့လာစေချင် တယ်။ ဒေါက်တာမြင့်စိန်က တင်ထားသမျှကို ခေါင်းညိမ့်နေမယ်ဆိုရင် ကျွန်မတို့  တောင်သူတွေ အများကြီးနစ်နာတယ် " ဟု မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာ မှ ဒေါ်စိန်စိန်ဦး က မဇ္စျိမသတင်းဌာနကို ပြောသည်။

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှ တရားစွဲဆိုထောင်ချခံရသည့် လယ်သမားများအတွက်စက်တင်ဘာလ ၂၆ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ မြန်မာနိုင်ငံသတင်းသမားများကွန်ရက်ရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

" လက်ရှိအစိုးရ ကိုပြောချင်တာက အမှားအမှန်ကို  ကိုယ်တိုင်စစ်ဆေးပြီးမှ ဆုံးဖြတ်ပေးပါ ကျွန်တော့် အနေနဲ့အဲဒါကိုတင်ပြချင်ပါတယ်။ အကြီးအကဲ၊ သက်ဆိုင်ရာတွေက စိစစ်လိုက်ရင် မမှားတော့ပါဘူး။
ဦးမြင့်စိန် တင်ပို့ပေးလိုက်တဲ့ စာရွက်နဲ့ကြည့်ပြီး ဆုံးဖြတ်မယ်ရင် မလိုလားအပ်တဲ့အကျိုးတွေ တွေ့ မလားဆိုပြီး ပူမိပါတယ် " ဟု ပလောင်ကျွေးရွာမှ ဦးကျော်ဝင်း က ပြောသည်။

မလက်တိုကျေးရွာအုပ်စု၊ပလောင်ကျွေးရွာရှိ မြေလွတ်၊မြေလပ်၊မြေရိုင်းဧက ၅၅၀ ကို ၁၉၉၉ ခုနှစ်တွင် မြေအောက်ရတနာဖော်ထုတ်ရေးစီမံချက်အရ ဧရာဝတီတိုင်း အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးကောင်စီ မှ တဆင့်ဒေါက်တာမြင့်စိန် ပိုင်ဆိုင်သည့် အော့ချက်(ဒ်)ကုမ္ပဏီကိုလုပ်ပိုင်ခွင့်ချထားပေးကြောင်း ကုမ္ပဏီအနေဖြင့် ၂၀၀၄ ခုနှစ် မှာ ၂၀၀၅ ခုနှစ်အထိ ဧက ၅၅၀ ကို တာဘောင်ပတ်၍ ငါးကန်တူးဖော် ခဲ့ကြောင်း နှင့် ၂၀၀၇ ခုနှစ်တွင် စစ်အစိုးရမှ နှစ် ၃၀ ဂရံဆက်လက်ချထားပေးကြောင်း သိရသည်။

"အဲဒါက ကြည့်ပေးနိုင်ရန်ပိုကောင်းပါတယ်။လယ်ယာမြေဥပဒေ က အောက်ခြေမှဖြစ်ပျက်နေတာကို အပေါ်က တစ်ချို့ကမသိကြဘူး။ အောက်ခြေကိုသေချာကွင်းဆင်းပြီးတော့ စစ်ဆေးသင့်ပါတယ်။ တောင်သူတွေပြောတဲ့အတိုင်း ကွင်းဆင်းပြီးကြည့်မယ်ဆိုရင် ပိုပြီးသင့်တော်ပါတယ်။လယ်မြေဥပဒေ ကတော်တော်များများက ကြန့်ကြာတာဖြစ်နေကြတယ်။ မအူပင် ၊ညောင်တုန်း၊ပန်းတနော် တော်တော်များများကတော့ အမှုတွေကကြန့်ကြာနေတာက အများကြီးပါ။အဲဒါတွေကိုမြန်ဆန်ဖို့အတွက်ကထွေအုပ် နဲ့မြေစာရင်း က ထိထိရောက်ရောက်လေးလုပ်ပေးစေချင်တယ်။သမ္မတကြီးလည်း ညွှန်ကြားချက်ပေးထားတယ်လေ စိတ်ကောင်းစေတနာကောင်းထားပြီးတော့ မတရားယားသိမ်း ဆည်းခံထားရတဲ့တောင်သူ ကိုလယ်ယာမြေပြန်လည် ရရှိဖို့ကို ဆောင်ရွက်ပေးဖို့ဆိုတာလည်း သမ္မတကြီးကတိုက်တွန်းထားတာရှိပြီးသားပါ။ အဲဒီအပေါ်မှ ထွေအုပ်တို့မြေစာရင်းတို့က ထိထိရောက်ရောက် လုပ်ပေးမယ်ဆို မြန်သွားမှပါ " ဟု ဧရာဝတီတိုင်းဒေသကြီး မအူပင် မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးဇော်မိုး က ပြောသည်။

ကုမ္ပဏီမှမြေယာများသိမ်းယူစဉ် နစ်နာခဲ့သည့်တောင်သူများက ၂၀၁၃ ခုနှစ်တွင် ထိုမြေများအတွင်း ထွန်ယက်စိုက်ပျိုးရန် ကြိုးပမ်းမှုများကြောင့် ကုမ္ပဏီ၏တရားစွဲဆိုခံခဲ့ရပြီး ရဲတပ်ဖွဲ့မှ အကြမ်းဖက် ဖြိုခွင်းခဲ့ရာ ဒေသခံလယ်သမားများနှင့် လုံခြုံရေးရဲတပ်ဖွဲ့တို့ကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြသည်။

ပဋိပက္ခ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကာ ဒေသခံ ၂၈ ဦးဒဏ်ရရှိခဲ့ပြီး ကျန်လူများမှာ ထောင်ဒဏ် အသီးသီးချမှတ်ခြင်းခံခဲ့ရသည်။ ထောင်ဒဏ်ချမှတ်ခံထားသည့် သူများကို ကုမ္ပဏီမှ မြေလွတ်၊မြေလပ်၊မြေရိုင်း ဥပဒေ ပုဒ်မ ၂၆၊ ၂၇ တို့ဖြင့် ထပ်မံတရားစွဲဆိုခဲ့ကာ ထောင်ဒဏ် ထပ်မံ ချမှတ်ခံခဲ့ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ထို့ကြောင့် အော့ချက်(ဒ်)ကုမ္ပဏီ စီမံခန့်ခွဲမှုဒါရိုက်တာဒေါက်တာ မြင့်စိန်မှ ဦးသူရရွှေမန်း ဦးဆောင် သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ ဆန်းစစ်လေ့လာ သုံးသပ်ရေး ကော်မရှင်နှင့် ကာကွယ်ရေး  ဝန်ကြီးဌာနများထံ တိုင်တန်းခဲ့ရာ ကော်မရှင်နှင့် ကာကွယ်ရေး ဝန်ကြီး ဌာနတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံ ညွှန်ကြားမှုများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထပ် ဆင့် ညွှန်ကြားမှုများ ဆောင်ရွက်ခဲ့သည့်နောက် ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် ဧရာဝတီ တိုင်းအစိုးရအဖွဲ့မှ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ကျင်းပသည့် တိုင်းလွှတ်တော် အစည်း အဝေးဆုံးဖြတ်ချက်ဖြင့် ဒေါက်တာမြင့်စိန်၏ အော့ချက်(ဒ်) ကုမ္ပဏီကို မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေအရ နှစ် ၃၀ ဂရံဖြင့် ဆက်လက် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly