ကျန်းမာပျော်ရွှင်ပြီး လှပကျော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက်

ကျန်းမာပျော်ရွှင်ပြီး လှပကျော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက်

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


သူကတော့ ဘယ်ချိန်ကြည့်ကြည့်လှနေရောပဲ။ အားကျလိုက်တာဟယ်လို့တွေးနေပြီလား။ အလှတရားက လူတိုင်းမြတ်နိုးတဲ့အရာပါနော်။ မိန်းကလေးတွေဆိုပိုလို့တောင်အလှကြိုက်ဦးမယ်။ နေ့ရက်တိုင်းမှာ လှပကြော့ရှင်းတဲ့ လေဒီလေးတွေအဖြစ် ဖြတ်သန်းဖို့ဆန္ဒရှိနေပြီဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို လိုက်နာပေးပါလို့ ပြောပါရစေနော်။
အလှတရားက မထိန်းသိမ်းရင်ပျက်စီးတတ်ပါတယ်နော်

ကြည့်လိုက်တိုင်းလှနေတဲ့ လေဒီလေးတွေက နည်းနည်းလေးမှကြိုးပမ်းမှုမရှိဘဲ လှနေတာတော့မဟုတ်ပါဘူး။ သူတို့တွေကိုလှနေစေတဲ့ အချက်လေးတွေကို ကြည့်လိုက်ရအောင်လား။ လှပကြော့ရှင်းတဲ့လေဒီလေးတစ်ယောက်ဖြစ်ဖို့က ဆံစကနေ ခြေဖျားအထိ ကျန်းမာလှပနေဖို့လိုအပ်မှာပါ။

ရေလုံလောက်အောင်သောက်ကြတယ်

လှပကြော့ရှင်းတဲ့ လေဒီလေးတွေက ရေသောက်မပျင်းကြသလို တစ်နေ့တာမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေပမာဏကို ပြည့်ပြည့်ဝဝသောက်တတ်ကြသူတွေပါ။ သွားလေရာကိုရေဗူးလေးတောင် ဆောင်သွားတတ်ကြပါသေးတယ်နော်။

အသားအရေကို ဂရုစိုက်ကြတယ်

ကိုယ်တွေကသာ ပင်ပန်းလွန်းလို့ မျက်နှာမသစ်ဘဲ အိပ်ရာဝင်ချင်ဝင်လိမ့်မယ်။ ဘယ်ချိန်ကြည့်ကြည့်လှလိုက်တာဆိုတဲ့ လေဒီလေးတွေကတော့ ဘယ်လောက်ပင်ပန်းနေပါစေ။ ညအိပ်ရာဝင်ခါနီး မိတ်ကပ်တွေဖယ်ရှားသန့်စင်ဖို့နဲ့ လုပ်ဆောင်ပေးသင့်တဲ့အသားအရေ ဂရုစိုက်မှုတွေကို မပျက်မကွက်လုပ်တတ်ကြသူတွေပါ။ လိုအပ်တဲ့ အသားအရေထိန်းသိမ်းမှုတွေကိုလည်း မပျက်မကွက်လုပ်တတ်ကြပါသေးတယ်နော်။

ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိကြတယ်

လှတာလည်းမပြောနဲ့လေ။ သူတို့လေးတွေက ညစဉ် ၈နာရီပြည့်အောင်အိပ်ဖို့လည်း မမေ့တတ်ကြပါဘူး။ အလုပ်များရင်တော့ ညအိပ်စက်ချိန်ကို ၆ နာရီမရ၊ ရအောင်ထားတတ်ကြသူတွေပါ။

နေလောင်ဒဏ်ကနေကာကွယ်ဖို့လည်း မမေ့ကြပါဘူး

အသားအရေကိုထိန်းသိမ်းဖို့မမေ့တတ်သူတွေပီပီ နေရောင်ဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင်လည်းဂရုတစိုက်နဲ့ကာကွယ်တတ်ကြသူတွေပါ။ နေရောင်ထဲမထွက်ခင် နေလောင်ကာခရင်မ်ကို မမေ့မလျော့လူးတတ်ကြသူလေးတွေပေါ့။

ကိုယ်လက်လေ့ကျင့်ခန်းလည်း မမေ့ထားကြပါဘူး

ခန္ဓာကိုယ်က အဆီပိုတွေကိုဖယ်ရှားဖို့နဲ့ သွယ်လျလှပဖို့ရော၊ ရောဂါကင်းပြီး ကျန်းမာဖို့အတွက်ပါ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်တတ်ကြပါတယ်နော်။

ကျန်းမာရေးကိုဂရုစိုက်ကြပါတယ်

ကျန်းမာရေးကိုလိုက်စားတတ်ကြသူတွေပေါ့။ ခန္ဓာကိုယ်ကျန်းမာနေစေဖို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ကြသလို ပုံမှန်ကျန်းမာရေး စစ်ဆေးတာနဲ့ အားဆေးသောက်တာလိုမျိုး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝအောင်လည်းနေတတ်ကြ ပါတယ်။

အာဟာရပြည့်ဝအောင် စားသုံးတတ်ကြပါတယ်

နေ့စဉ်စားသုံးတဲ့အခါမှာလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝအောင်စားသုံးတတ်ကြပါ တယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသား၊ ငါး၊ အစေ့အဆန်တွေ နဲ့ အခွံမာသီးတွေ သင့်တင့်မျတအောင်စားသုံးတတ်ကြပါသေးတယ်။

ကျန်းမာပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတစ်ယောက်ဖြစ်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အခုကစလို့ ဒီနည်းလေးတွေကို အလေ့အထဖြစ်အောင် ပျိုးထောင်လိုက်တော့နော်…………

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly