တာမွေ(ယာယီ)စျေးကို ကျပ် ၁၆ ဘီလီယံ ကုန်ကျခံတည်ဆောက်မည်

တာမွေ(ယာယီ)စျေးကို ကျပ် ၁၆ ဘီလီယံ ကုန်ကျခံတည်ဆောက်မည်
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ စက်တင်ဘာလ ၂၄ ။         ။ ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွှန်မြို့နယ်ရှိ တာမွေ(ယာယီ)စျေးကို ကျပ်ငွေ ၁၆ ဘီလီယံ ခန့်ကုန်ကျခံကာ ကားပါကင်ပါ ၅ထပ်အဆောက်အအုံအဖြစ် တည်ဆောက်သွားမည်ဟု မင်္ဂလာ တောင်ညွှန်မြို့နယ် စည်ပင်သာယာရေးကော်မတီ မှ မြို့နယ် ဥက္ကဋ္ဌဦးအောင်မျိုးလင်းက ပြောသည်။

"အခုတင်ဒါအောင်ထားတာက ဝမ်းဝမ်းဝမ်း ကုမ္ပဏီက တင်ဒါအောင်ထားပါတယ်။အကုန်လုံး ကုန်ကျ မှာက ၁၆ ဘီလီယံကိုခန့်မှန်းထားတယ်။အဆောက်အဦဒီဇိုင်းကို ဆွဲလိုက်တဲ့အခါကျတော့ မြေ အောက်ထပ်က မပါလို့မရဘူး။ မြေပြင်မှာ ရေစီးဆင်းမှုကိုဖြတ်တောက်လို့ မရပါဘူး။ ဘေးပတ်လမ်း တွေ ရှိတယ်ဆိုရင် ခုံးအနေအထားကိုသွားဖို့ ရှိတယ်။ ဒီဇိုင်းကြီးပဲ သီးသန့်မဟုတ်ဘူး။ ဘေးအန္တရာယ် အတွက်ပါကာကွယ်ပြီးလုပ်ထားတာ။ သူရဲ့ဒီဇိုင်းအရ မြေအောက်ထပ်ကို ပါကိုပါရပါတယ်။ ဒါစျေးများ ဌာနက အကုန်လုံးစီမံခန့်ခွဲတာ။ ပိုင်ဆိုင်မှုကလည်းစျေးများဌာနရဲ့အပိုင်၊ အဲဒီအပေါ်မှာ စျေးများ ဌာနက ပြန်လည်တည်ဆောက်ပြီး ငှားရမ်းတာပါ " ဟု ဦးအောင်မျိုးလင်းက မီဒီယာများကိုပြောသည်။

တာမွေယာယီစျေးမှ စျေးသူ၊စျေးသားများသည် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တည်ဆောက်မည့်အထပ် ၅ ထပ်ပါ စျေးနှင့်ပတ်သက်၍ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် မစိုးရိမ်ကျောင်းတိုက်တွင် သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့သည်။

"မြေအောက်ခန်းပါတာကို လုံးဝသဘောမတူတာက Shopping Center ကြီးတွေဝင်သွားခဲ့ရင် စျေးသူ စျေးသားတွေ လုံးဝ နစ်နာနိုင်တယ်။ စျေးအရောင်းအဝယ်ဖောက်ကားမှုကို လုံးဝ နစ်နာနိုင်တဲ့အတွက် တောင်းဆိုတာပါ။ ဆိုင်ခန်းအကျယ် ရှစ်ပေထားပေးဖို့ဆိုတာက သူတို့တင်ပြတာကငါးပေ ၊ငါးပေ ဆိုတာက ဘယ်လိုမှ စျေးအရောင်းအဝယ်ကို မဖြစ်နိုင်ပါဘူး။ မြေညီထပ် အမြင့်ပေနှစ်ဆယ် ထားပေး ဖို့က တစ်ချို့စျေးတွေမှ ထားပေးတာ ရှိပါတယ်။ စျေးမျက်နှာစာဝင်ပေါက် သုံးပေါက်ထားပေးဖို့က သုံးပေါက် ထားပေးလို့ရရင်ထားပေးစေချင်ပါတယ် " ဟု တာမွေယာယီစျေးမှ စျေးသူ၊စျေးသား ဖြစ်သူ
ကိုဇော်ဝင်းထွန်းက မီဒီယာများကိုပြောသည်။

သတင်းစာရှင်းလင်းပွဲတွင် အချက်၆ ချက်ကို စျေးသူစျေးသားများက တောင်းဆိုခဲ့ကြပြီး   မြေအောက် ခန်း ပါဝင်နေမှုအပေါ် လုံးဝသဘောမတူကြောင်း၊ ဆိုင်ခန်းပတ်လမ်းအကျယ်များကို (၈)ပေထားရှိ ပေး ရန်၊ မြေညီထပ် အမြင့်ပေ(၂၀)အထက်ထားပေးရန် စျေးမျက်နှာစာ ဝင်ပေါက်ကြီးကို တစ်ပေါက်တည်း မထားပဲ အနည်းဆုံး(၃)ပေါက်ထားပေးရန်၊ အစည်းဝေးမှတ်တမ်း၊စာချုပ်ကိစ္စလုပ်ဆောင်ပေးရန်၊ Shop Hose ၏ဘေးမျက်နှာစာတွင် လည်းကားပါကင်ထားရှိပေးရန်တို့ကို တောင်းဆို ခဲ့ကြသည်။

အသစ်ပြန်လည်ဆောက်လုပ်မည့် တာမွေယာယီစျေးကို ငါးထပ်အဆောက်အုံဖြစ် အဆင့်မြှင့်တင် မည်ဖြစ်ပြီး ၊ မြေညီထပ်၊ ပထမထပ် နှင့်ဒုတိယထပ်တို့ကိုစျေးသူ၊စျေးသားများအတွက် ချထားပေးမည် ဖြစ်ကာ ကားပါကင်တွင် ကားအစီးရေ ၂၀၀ ကျော်ရပ်နားနိုင်မည့်မြေအောက်ထပ်ကားပါကင် တစ်ခု နှင့် ကျန်ရှိသည့်အထပ်များတွင် ကစားကွင်း ၊ မြို့နယ်ခန်းမ နှင့်စာကြည်တိုက်များ ပါဝင်မည်ဟု သိရ သည်။ ထို့အပြင် စျေးသူ၊စျေးသားများ ပိုင်ဆိုင်သည့်ဆိုင်ခန်း ၆၀၀ ကျော်ကို လည်း မူလအတိုင်း ပြန်လည်ပေးသွားမည် ဟု သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း မြို့နယ် ၃၃ ခုတွင်စျေးပေါင်း ၁၇၉ စျေးရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ကာ စျေး ၂၁ စျေးကို အဆင့်မြင့်တင်ရန်လျာထားကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly