ကလိုရင်းအဆိပ်သင့်ခြင်းဆိုတာ ဘာလဲ

ကလိုရင်းအဆိပ်သင့်ခြင်းဆိုတာ ဘာလဲ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ကလိုရင်း (Chlorine) ဆိုတာ ရေမှာပါဝင်တဲ့ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ ဓာတုဗေဒပစ္စည်းတစ်မျိုးပါ။ ရေကူးကန်တွေမှာ ကလိုရင်းကို အများဆုံး ထည့်သွင်းလေ့ရှိပြီး သောက်ရေသန့်၊ မိလ္လာနဲ့ စက်ရုံကနေထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပိုးသတ်ပေးတဲ့နေရာမှာလည်း သုံးကြပါတယ်။ ခုနောက်ပိုင်း အိမ်သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေမှာပါ ကလိုရင်းကို မပါမဖြစ် ထည့်သွင်းအသုံးပြုလာကြပါတယ်။
ကလိုရင်းအဆိပ်သင့်ခြင်း (Chlorine Poisoning) ဖြစ်လာပုံ

ကလိုရင်းပါတဲ့ အရည်တစ်မျိုးမျိုးက အရေပြားနဲ့ ထိတွေ့မိတဲ့အခါ၊ လည်ချောင်းထဲ မြိုချမိတဲ့အခါ၊ ကလိုရင်းအနံ့ကို ရှူရှိုက်လိုက်တဲ့အခါမှာ ကလိုရင်းအဆိပ်သင့်ခြင်း ဖြစ်ပေါ်လာပါတယ်။ ကလိုရင်းဓာတ်က ကိုယ်ခန္ဓာပြင်ပမှာရှိတဲ့ ရေ၊ ကိုယ်တွင်းအင်္ဂါနံရံမှာ ရှိတဲ့ အရိအချွဲတွေနဲ့ ဓာတ်ပြုပြီး ဟိုက်ဒရိုကလိုရစ် အက်စစ် (Hydrochloric Acid) နဲ့ ဟိုက်ပိုကလိုရပ်စ် အက်စစ် (Hypochlorous Acid) ၂မျိုးထွက်လာပါတယ်။ ဒီအက်စစ်ဓာတ် ၂မျိုးလုံးဟာ လူသားတွေအတွက်တော့ အန္တရာယ်အရမ်းများတဲ့ အဆိပ်အတောက်တွေပါပဲ။
ရေကူးကန်က ရေကြောင့် ကလိုရင်းအဆိပ်သင့်နိုင်လား။

ရေကူးကန်တွေမှာ ကလိုရင်းအများအပြား ထည့်သွင်းရတယ်ဆိုပေမယ့် ယခုလေ့လာတွေ့ရှိချက်တွေအရ ကလိုရင်းအဆိပ်သင့်ခြင်း ဝေဒနာခံစားနေရတဲ့သူတွေက ရေကူးကန်က ရေကြောင့်မဟုတ်ဘဲ အိမ်သန့်ရှင်းရေးပစ္စည်းတွေမှာ ပါတဲ့ ကလိုရင်းကြောင့် အဆိပ်သင့်နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် လုံးဝအဆိပ်မသင့်နိုင်ဘူးလို့တော့ အာမခံလို့မရသေးပါဘူး။
ကလိုရင်းအဆိပ်သင့်ခြင်း လက္ခဏာများ

ကလိုရင်းသည် အသက်ရှူလမ်းကြောင်း၊ အစာခြေစနစ်၊ သွေးလည်ပတ်မှုစနစ်ထဲကို လျင်မြန်စွာပြန့်နှံ့နိုင်ပြီး ခန္ဓာကိုယ်အနှံ့ကို ထိခိုက်စေတဲ့ အဆိပ်အတောက်ပါ။ ဒါကြောင့် အဆိပ်ဝင်သွားတဲ့နေရာပေါ်မူတည်ပြီး ရောဂါလက္ခဏာက အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။
၁။ အသက်ရှူလမ်းကြောင်းထဲမှာဆိုရင်

  •     ချောင်းဆိုးတာ
  •     အသက်ရှူကြပ်တာ
  •     အဆုပ်ထဲ ရေဝင်နေသလို ခံစားရတာ

၂။ အစာခြေစနစ်ထဲမှာဆိုရင်

  •     ပါးစပ်ထဲ ပူစပ်ပူလောင်ဖြစ်တာ
  •     လည်ချောင်းရောင်နေတာ
  •     လည်ချောင်းနာကျင်ခြင်း
  •     အစာအိမ်အောင့်ခြင်း
  •     အော့အန်ခြင်း
  •     ဝမ်းမှာသွေးပါခြင်း

၃။ သွေးလည်ပတ်မှုစနစ်ထဲမှာဆိုရင်တော့

  •     သွေးရဲ့ pH မျှခြေကို ကမောက်ကမဖြစ်စေခြင်း
  •     သွေးပေါင်ကျခြင်း
  •     မျက်စိနဲ့ အမြင်အာရုံကိုထိခိုက်လာခြင်း (မျက်စိမှုန်ခြင်း)
  •     မျက်စိအထဲက ပူနေခြင်း၊ ယားနေခြင်း
  •     အခန့်မသင့်ရင် မျက်စိကွယ်ခြင်း
  •     သွေးထဲပါနေတဲ့ အဆိပ်တွေကြောင့် တစ်သျှူးများလောင်ကျွမ်းပြီး အရေပြားပျက်စီးခြင်း စတဲ့လက္ခဏာတွေ ပြနိုင်ပါတယ်။

ကလိုရင်းအဆိပ်သင့်ခြင်းအတွက် အကောင်းဆုံးကုသနည်း

ကလိုရင်းအဆိပ်သင့်တဲ့အခါ ရောဂါလက္ခဏာအစုံကို တစ်ပြိုင်တည်းတွေ့ရတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သွားပြလိုက်တဲ့အချိန်မှာ အထူးတလည် စစ်ဆေးစရာမလိုဘဲ အဆိပ်သင့်နေတယ်ဆိုတာ တန်းသိနိုင်ပါတယ်။ အသက်အရမ်းငယ်သေးတဲ့ကလေးတွေ ကလိုရင်းပါဝင်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့ကိုင်တွယ်မိပြီးနောက်မှာ မူမမှန်တဲ့ လက္ခဏာမျိုးတွေ တွေ့ရပြီဆိုရင်တော့ အရေးပေါ်ဆေးကုသဆောင်ကို အမြန်ပို့သင့်ပါတယ်။

၁။ ကလိုရင်းကို မြိုချမိတဲ့အခါ အတင်းအော့အန်ဖို့ကို မလုပ်ပါနဲ့။ ဆရာဝန်နဲ့ အရင်ဆုံးပြသပါ။

၂။ အရေပြားပေါ် ကလိုရင်းထိမိပြီး ယားယံလာတဲ့အခါ ဆပ်ပြာ၊ ရေနဲ့ ချက်ချင်းဆေးချပါ။

၃။ မျက်လုံးထဲဝင်သွားတဲ့အခါ ရေဘုံပိုင်က ကျလာတဲ့ရေအောက်မှာ မျက်လုံးကိုဖွင့်ထားပြီး အနည်းဆုံး ၁၅ မိနစ်ခန့်ဆေးပေးရပါမယ်။ (မျက်ကပ်မှန်တွေ တပ်ထားရင် အရင်ချွတ်လိုက်ပါ)

၄။ ကလိုရင်းနဲ့ ထိတွေ့မိတဲ့နေရာမှာ ကပ်နေတဲ့ အဝတ်အစားတွေ အကုန်ချွတ်လိုက်ပါ။

၅။ မတော်တဆ ကလိုရင်းပါတဲ့ရေကို မြိုချမိခဲ့ရင် ရေ သို့မဟုတ် နွားနို့ တစ်ခွက် အမြန်ဆုံးသောက်လိုက်ပါ။

၆။ ကလိုရင်းပါတဲ့ အိမ်သန့်ရှင်းပစ္စည်းကို နှာခေါင်းနဲ့ ရှူရှိုက်မိခဲ့ရင် အရင်ဆုံး ကိုယ့်နှာခေါင်းကို တစ်သျှူးနဲ့ပိတ်ပြီး ညှစ်လိုက်ပါ။ ပြီးမှ အပြင်ဘက်ထွက်ပြီး လေကောင်းလေသန့်ကို အားရပါးရ ရှူသွင်းလိုက်ပါ။

ဆရာဝန်အနေနဲ့ အရင်ဆုံး လူနာရဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ကျန်းမာရေးအခြေအနေ၊ ကလိုရင်းဘယ်လောက်ပမာဏ မြိုချ၊ ထိတွေ့၊ ရှူရှိုက်မိလဲ၊ ကလိုရင်းပါတဲ့ ဘယ်ပစ္စည်းကိုလဲ၊ နောက်ဆုံးထိတွေ့ပြီး ကြာမြင့်တဲ့အချိန်ကာလကို အရင်ဆုံးမေးမြန်းပြီးမှ ကုသမှုကို စတင်မှာဖြစ်ပါတယ်။ ပြီးနောက် ကုတင်ပေါ်မှာ လှဲခိုင်းပြီးတော့ နှလုံးခုန်နှုန်း၊ ကိုယ်တွင်းအပူချိန်၊ သွေးပေါင်ချိန်၊ ကိုယ်ခန္ဓာတွင်း အောက်စီဂျင်ပမာဏ၊ အသက်ရှူနှုန်းကို စက်ကိရိယာနဲ့ စမ်းသပ်စစ်ဆေးမှာဖြစ်ပါတယ်။ အသက်ရှူရခက်တဲ့ အခြေအနေမျိုးမှာဆိုရင်တော့ အောက်စီဂျင်ပိုက်တပ်ထားပြီး လူနာရဲ့ အခြေအနေကို စောင့်ကြည့်မှာပါ။

လည်ချောင်းမှာ အပူလောင်ခြင်း၊ ယားယံနီရဲနေခြင်း ရှိမရှိ စစ်ဆေးပြီးတဲ့နောက်မှာ ကိုယ်ခန္ဓာပေါ်က ကလိုရင်းနဲ့ထိတွေ့မိတဲ့ အရေပြားကို နာရီအပိုင်းအခြားအလိုက် ဆေးကြောသန့်ရှင်းပေးမှာဖြစ်ပါတယ်။ အရေပြား ပြင်းထန်စွာ ထိခိုက်မိတဲ့အခြေအနေမျိုးမှာဆိုရင်တော့ ခွဲစိတ်မှုအသေးစားဖြင့် အရေပြားကို လှီးထုတ်ဖယ်ရှားပစ်မှာဖြစ်ပါတယ်။

ကလိုရင်းအဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေဟာ အချိန်တိုအတွင်းမှာ ပြလာတတ်တာကြောင့် ကိုုယ့်အနေနဲ့ အန္တရာယ်ရှိတဲ့အပြုအမူမျိုး၊ သို့မဟုတ် ကိုယ့်အိမ်မှာ ဒီလိုပစ္စည်းတွေ လောလောလတ်လတ် အသုံးပြုထားတာ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူသင့်ပါတယ်။ သေချာကုသမှုခံယူရင် ပျောက်ကင်းဖို့ လျင်မြန်ပြီး မကုဘဲထားထားမယ်ဆိုရင်တော့ ဒီအဆိပ်အတောက်တွေက ကိုယ်တွင်းအင်္ဂါတွေကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။
ကလိုရင်းအဆိပ်သင့်ခြင်း မဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ။

၁။ အိမ်သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် အကျီင်္လက်ရှည်၊ လက်အိတ်၊ နှာခေါင်းစည်း၊ လေကာ၊ ရေကာမျက်မှန်တွေကို သေချာဝတ်ဆင်ထားဖို့ လိုပါမယ်။

၂။ ကလိုရင်းပါတဲ့ ပစ္စည်းတွေကို အရေပြားနဲ့ တိုက်ရိုက်မထိတွေ့ဖို့၊ အငွေ့တွေကို မရှူမိစေဖို့နဲ့၊ ပါးစပ်ထဲ မတော်တဆ မဝင်သွားအောင် သေချာဂရုစိုက်ပါ။

၃။ အိမ်သန့်ရှင်းရေးလုပ်နေတဲ့အချိန် တခြားအိမ်သားတွေ (အထူးသဖြင့် ကလေးတွေ) ကို အပြင်ခဏထွက်ခိုင်းပါ။

၄။ သန့်ရှင်းရေးလုပ်ပြီးသွားတဲ့အခါ ခေါင်းအစခြေအဆုံး ဆပ်ပြာနဲ့ သေချာသန့်စင်ပြီး ရေတစ်ခေါက်ချိုးလိုက်ပါ။

၅။ သန့်ရှင်းရေးလုပ်တဲ့ပစ္စည်းတွေကို အမှတ်အသားနဲ့ သေချာထားထားပါ။ ကလေးလက်လှမ်းမမီနိုင်တဲ့ အမြင့်တစ်နေရာမှာ သော့ခတ်ပြီး သိမ်းဆည်းထားပါ။

၆။ သန့်ရှင်းရေးလုပ်ပြီး နာရီပိုင်းအတွင်းမှာ ကလိုရင်းအဆိပ်သင့်တဲ့ လက္ခဏာတွေ ဖြစ်လာလားဆိုတာကို သေချာစောင့်ကြည့်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly