လူငယ်များ နိုင်ငံရေးလုပ်ရန်နှင့် လမ်းကြောင်းပေါ် မှန်ကန်စွာရောက်ရေး တိုင်းလွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း

လူငယ်များ နိုင်ငံရေးလုပ်ရန်နှင့် လမ်းကြောင်းပေါ် မှန်ကန်စွာရောက်ရေး တိုင်းလွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း
ဓာတျပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ စက်တင်ဘာ ၂၂ ။         ။ လူငယ်များအနေဖြင့် နိုင်ငံရေးလုပ်ရန် လိုအပ်ပြီး နိုင်ငံရေးလမ်းကြောင်းအပေါ် မှန်မှန်ကန်ကန်ရောက်ရှိရေး ကြိုးစားရန် လိုအပ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက တိုက်တွန်းပြောဆိုလိုက်သည်။

''လူငယ် နှင့် နိုင်ငံရေး" ခေါင်းစဉ်ဖြင့် ပြည်သူ့ စကားဝိုင်း (Public Talk) ကို စက်တင်ဘာ၂၂ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အထက်တန်းကျောင်းရှိ စကားဝါခန်းမမှာ ပြုလုပ်ခဲ့ရာ ပါဝင်ဆွေးနွေးသူ သင်္ဃန်းကျွန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်နှင့် Moderator အဖြစ် ဆောင်ရွက်သူ ကျောက်တံတားမြို့နယ်၊လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာတို့က တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

"လူငယ်တွေ နိုင်ငံရေး လုပ်ဖို့လိုတယ်။ နိုင်ငံရေးဆိုတာ ဘာလဲ ဆိုတာကို ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေ မှုတည်ပြီးတော့ ပြောပြချင်တာပါ။ နိုင်ငံရေးဆိုတာ သီးခြားကိစ္စတစ်ခုမဟုတ်ပါဘူး။ အရင်တုန်းက လူငယ် နဲ့ နိုင်ငံရေး ဆိုတာ အခုလိုတွဲပြီးတော့တောင် ခေါင်းစဉ်မတပ်ရဲဘူး ။ လူငယ်နှင့် နိုင်ငံရေး ရောထွေးဖို့ နေနေသာသာ၊ ခေါင်းစဉ် တွဲတပ်တာတောင် အခုလိုခေတ်မျိုးမှ လုပ်လို့ရတာပါ။ လူတိုင်းလူတိုင်း နဲ့ ပတ်သက်တဲ့အရာ ဖြစ်တယ်။ အထူးသဖြင့် လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်တစားနဲ့ ငါတို့ တစ်နေ့ကြရင် ကိုယ့်နိုင်ငံအတွက် အလုပ်လုပ်မယ်ဆိုတဲ့စိတ်တွေ ပေါက်ဖွားလာအောင် ဒီလိုမျိုးတွေ လိုက်ပြီး ပြောနေတာ ဖြစ်ပါတယ် " ဟု သင်္ဃန်းကျွန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်၊ ဦးဂျင်မီ (၈၈ ငြိမ်း/ပွင့်) ၊ ကိုဒီငြိမ်းလင်း( အတွင်းရေးမှူး လူငယ်ရေးရာကော်မတီ) တို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး ယင်းပွဲတွင် လသာမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက Moderator အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

"လူငယ်တွေ ဒီထက်ပို ကြိုးစားကြရမယ်။ နိုင်ငံရေးလမ်းကြောင်းပေါ်ကို ရောက်ဖို့ရန်အတွက် မှန်မှန်ကန်ကန်နဲ့၊ ပြီးတော့ နိုင်ငံရေးတစ်ခုတည်း သိနေလို့မရပါဘူး။ ပညာခေတ်ဆိုတော့ ပညာဘက်ကနေ အတိုင်းအတာတစ်ခု အထိ သိထားတော့မှ ပညာလေးလည်း တတ်မယ်၊ နိုင်ငံရေးစိတ်အခံလေးကလည်း ပြည်သူအပေါ် ရှိမယ်ဆိုရင် နိုင်ငံရေးသမားကောင်းတွေ ဖြစ်လာနိုင်တယ်။ ပါတီတွေ၊ နိုင်ငံရေးအဝန်းအဝိုင်းကလူတွေက လူငယ်တွေကို ပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။ သေချာတာက အခုခေတ်မှာ ဒီမိုကရေစီလမ်းကြောင်းက ပြီးမှာမဟုတ်ဘူး။ ဒီ လူငယ်တွေခေတ်အထိ သယ်ဆောင်သွားရမဲ့အနေအထားပါ " ဟု ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုသည်။

အဆိုပါ Public Talk ကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။

ဆက်လက်ပြီး “ ဒီဘက်ခေတ်လူတွေဆို ပရဟိတနဲ့ နိုင်ငံရေးမှာ တော်တော်စိတ်ဝင်စားလာကြတယ်။ နိုင်ငံရေးမှာ စိတ်ဝင်စားတယ်ဆို နည်းမှန်လမ်းမှန်နဲ့ စိတ်ဝင်စားစေချင်တယ်။ ဒီမိုကရေစီဆိုတာ အခွင့်အရေးလို့ ထင်ပြီး ငါတို့အခွင့်အရေးလို့ ထင်နေမှာလည်း စိတ်ပူတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုကို သေသေချာချာ သိစေချင်တယ်။ နည်းမှန်လမ်းမှန်နဲ့ ဒီမိုကရေစီကို တူတူလျှောက်လို့ရတဲ့အထိ လမ်းကြောင်းပေးရမယ် လို့ မြင်တယ်။ ဒီဘက်မှတော့ အတိုင်းအတာတစ်ခုအထိ အားရကျေနပ်မှု ရှိပါတယ်။ ဒီထက် ပိုကြိုးစားရမယ် လို့ မြင်တယ်" ဟု ဒေါ်ကြည်ပြာက ဆက်ပြောသည်။

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွွဲ့အစည်း ( ၈၈ ငြိမ်း/ပွင့်) မှ ဦးဂျင်မီကလည်း စားပွဲဝိုင်းတွင်  နိုင်ငံရေး ဆွေးနွေးနိုင်ကြောင်း ပြောဆိုခဲ့သေးသည်။

“ လူငယ် နှင့် နိုင်ငံရေး ”  ဆွေးနွေးပွဲသို့ ကျောက်တံတား အ.ထ.က(၁) မှကျောင်းသား၊ကျောင်းသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ၊ အရပ်ဖက်အဖွဲ့အစည်းများ ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ နိုင်ငံရေး သဘော၊ သဘာဝ နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ ၊ နိုင်ငံရေးအသိပညာများကို ဝေမျှ ၊ မေးမြန်းခဲ့ကြသည်။


အဆိုပါ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးသည်လည်း လူငယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD) ကို ကိုယ်စားပြုကာ ရွေးကောက်ခံထားရသူများ ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly