ဘူးသီးတောင်မြို့နယ် စည်တောင်ရွာသို့ ရဟတ်ယာဉ်တစ်စင်း ခေတ္တဆင်းသက်

ဘူးသီးတောင်မြို့နယ် စည်တောင်ရွာသို့ ရဟတ်ယာဉ်တစ်စင်း ခေတ္တဆင်းသက်

ရန်ကုန် ၊ စက်တင်ဘာ ၆ ။          ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ရွာတွင် ရဟတ်ယာဉ်တစ်စင်း ဆင်းသက်ခဲ့သည်ဟု ဘူးသီးတောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက မဇ္စျိမသို့အတည်ပြုပြောဆိုသည်။

“မျက်မြင်တွေ့လိုက်တဲ့ ရွာသားတွေပြောတာတော့ ရဟတ်ယာဉ်က အဖြူရောင်လေးတဲ့ ၊ နံနက် ဆယ်နာရီလောက်က ဆင်းလာတာ၊ နာရီဝက်လောက်ကြာတော့ ပြန်တက်သွားတယ်” ဟု ဦးထွန်းအောင်သိန်းကဆိုသည်။

ရဟတ်ယာဉ်ဆင်းခဲ့သည့်နေရာသည် ဘူးသီးတောင်မြို့အစွန် စည်တောင်ရွာ နှင့် ရေကောင်းချောင်ရွာအကြား လယ်ကွင်းပြင်တွင်ဖြစ်ပြီး ယင်းနေရာသည် တပ်မတော်နှင့် ရက္ခိုင့်တပ် AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည့် နေရာဖြစ်သည်။

အဆိုပါ ဆင်းသက်ခဲ့သည့် ရဟတ်ယာဉ်သည် စစ်တကောင်း- ရန်ကုန် - ဘန်ကောက်သွား သွားမည့် ရဟတ် ယာဉ်ဖြစ်ပြီး ရာသီဥတုအခြေအနေကြောင့် ခေတ္တဆင်းသက်ခြင်းဖြစ်ကာ လက်ရှိတွင် စစ်တွေသို့ ပျံသန်းသွားပြီ ဖြစ်သည်ဟု အမည်မဖော်လိုသည့် တပ်မတော်အရာရှိ တစ်ဦးက ပြောသည်။

“စစ်တကောင်းကလာတာ ရာသီဥတုကလည်းမကောင်းဘူး။ အဲ့ဒါကိုရှောင်ရင်းနဲ့ ဘူးသီးတောင်ဘက် ရောက် လာတာ၊ အဲ့မှာလည်း ရာသီဥတုကမကောင်းတော့ ရှေ့ကိုဆက်သွားရင် အန္တရာယ်များလို့နဲ့တူပါတယ်။ လယ်ကွင်းပြင်ကြီးထဲကို ဆင်းချလိုက်တာ၊ ခဏနားပြီးတော့မှ စစ်တွေကို ပြန်သွားတာ” ဟု အဆိုပါ အရာရှိကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူးဖြစ်သော ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရဟတ်ယာဉ်မှာ နီပေါမှ အင်ဒိုနီးရှားနိုင်ငံသို့ ပျံသန်းသည့် လေယာဉ်ဖြစ်ကြောင်း မြန်မာ့ လေပိုင်နက်အတွင်း တရားဝင် ဖြတ်သန်းခွင့်တောင်းခံထားကြောင်း ပြည်တွင်းမီဒီယာတချို့ထံ ဖြေကြားထားသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ရွာတွင် ရဟတ်ယာဉ်တစ်စင်း ဆင်းသက်ခဲ့သည့်ကိစ္စအတွက် ပြည်တွင်းရှိ လူမှုကွန်ရက်အသုံးပြုသူများအကြား ဝေဖန်မှုများရှိနေပြီး ဆင်းသက်ခဲ့သည့် ရဟတ်ယာဉ်မှာ ဘင်္ဂလားဒေ့ရှ်မှ ပျံသန်းလာသည့် လေယာဉ်ဖြစ်နိုင်ကြောင်း ပြောဆိုရေးသားမှုများလည်းရှိခဲ့သည်။

မဇ္စျိမအနေဖြင့် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

Mizzima Key Campaign မှာ ပါဝငျဖို့ ဖိတျခေါျလိုကျပါတယျ။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly