တက္ကသိုလ်ကျောင်းများ၏ စာမေးပွဲကာလအတွင်း အရန်ကားများ ထပ်တိုးပြေးဆွဲပေးမည်

တက္ကသိုလ်ကျောင်းများ၏ စာမေးပွဲကာလအတွင်း အရန်ကားများ ထပ်တိုးပြေးဆွဲပေးမည်
ဓာတ်ပုံ-EPA/LYNN BO BO

ရန်ကုန်၊ စက်တင်ဘာ ၄ ။              ။ ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်များတွင်တက်ရောက်နေသည့် ကျောင်းသားများ စာမေးပွဲကာလအတွင်း ကျောင်းချိန်မီစေရန်အတွက် အရန်ကားများကို ထပ်တိုးပြေးဆွဲပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင် ကပြောသည်။

စက်တင်ဘာ ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးနှင့် ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA) ရုံးတွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မြို့ထဲကနေ ကျောင်းတွေကို မနက်ပိုင်းကနေ ရှေးရှုပြီးသွားနိုင်အောင် အရန်ယာဉ်တွေပြေးဆွဲပြီးတော့ အောင်ဇေယျတံတားအဆင်း၊ အဲ့လိုနေရာတွေ ကားတွေကိုအရန်ယာဉ်တွေသွားထားပေးပါတယ်။ နောက် တစ်ခုက အနောက်ပိုင်းတက္ကသိုလ် ထန်းတပင် ဒီဘက်ကိုလည်း အရန်ယာဉ်တွေသွားထားပေးပါတယ်။ ဒီနှစ် စာမေးပွဲကာလမှာဒဂုံတက္ကသိုလ်အတွက်ပါ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံ စုရပ်တွေမှာ ယာဉ်တွေကိုအင်အားဖြည့်ပြီး ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်” ဟု ဦးလှအောင်က ဆိုသည်။

YRTA အနေဖြင့် အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်ဟူ၍ ခွဲခြားကာ အရန်ယာဉ်များကို ထားရှိပေးမည့်ဖြစ်ပြီး ယာဉ် လမ်းကြောင်း အနည်းငယ်ပြောင်းကာပြေးဆွဲပေးသွားမည်ဟု YRTA မှသိရသည်။

“တစ်ချို့လမ်းကြောင်းတွေဆိုရင် ဂိတ်အဖျားကနေ အရင်းကိုပြန်ပြီးပြေးဆွဲပေးတဲ့စနစ်တွေ ဖြည့်စွတ်ပြေးဆွဲ ပေးတဲ့စနစ်တွေနဲ့ ကျွန်တော်တို့ စီမံဆောင်ရွက်ပေးနေပါတယ်”ဟု သူက ဆက်ပြောသည်။

၂၀၁၉ ခုနှစ်အတွင်း စက်တင်ဘာ ၂ ရက်နေ့မှစတင်ကာ အောက်တိုဘာ ၄ ရက်နေ့အတွင်း ရန်ကုန်တိုင်း အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်အသီးသီးတွင် စာမေးပွဲများကျင်းပကြရန် ရှိနေခြင်းလည်းဖြစ်သည်။
ယခင်နှစ်အတွင်း နံနက်ပိုင်းတွင်စာမေးပွဲဖြေဆိုရန်ရှိနေသည့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအချို့မှာ ကားရှားခြင်း၊ လမ်းကြပ်ခြင်းများကြောင့် အခက်အခဲအချို့ကြုံတွေ့ခဲ့ရဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly