အဂတိမှုဖြင့် တရားစွဲဆိုထားသောအမှုကို တရားရုံးကအပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည့်အပေါ် ပြန်လည် စိစစ်နေ

အဂတိမှုဖြင့် တရားစွဲဆိုထားသောအမှုကို တရားရုံးကအပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည့်အပေါ် ပြန်လည် စိစစ်နေ

ရန်ကုန်၊ စက်တင်ဘာ ၄ ။         ။ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုထားသောအမှုကို တရားရုံးကအပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည့်အပေါ် ပြန်လည် စိစစ်နေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက မဇ္စျိမကို ပြောသည်။

“လောလောဆယ်တော့ စိစစ်သုံးသပ်တဲ့ အနေအထားပဲ ရှိသေးတာပေါ့နော်။ ဒီဟာနဲ့ ပတ်သက်ပြီး သေသေ ချာချာပြန်ကြည့်ရမှာပေါ့။ အရင်ကော်မရှင်လက်ထက်က တရားစွဲဆိုခဲ့တဲ့ အမှုဖြစ်တဲ့အတွက်ကြောင့် ပြန်ကြည့်ရမယ်။ သက်သေခံအထောက်အထားတွေ သေချာပြန်ကြည့်မယ်။ တရားရုံးက ပြောတဲ့ဟာနဲ့ ကွာခြားချက်ရှိတဲ့အတွက်လေ” ဟု ၄င်းက ပြောသည်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာနမှ ဌာနမှူး ဦးမင်းလွင်စိုးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၌ ၂ နှစ်ကျော်ကြာ အမှုစစ်ဆေးပြီးနောက် လိမ်လည်တိုင်ကြားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသည်ဆိုကာ သြဂုတ်လ ၂၈ ရက်နေ့က အပြီးသတ် လွှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် တရားလိုဘက်က သက်သေအဖြစ် တင်သွင်းသော ဓာတ်ပုံ၊ ဗီဒီယိုများမှာ လုပ်ကြံတင်ထား သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊ ဗီဒီယိုများမှာ ဖြတ်ညှပ်ကပ်ထားကြောင်း၊ လိမ်လည်တိုင်ကြားမှုအပေါ် ပြန်လည်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဦးမင်းလွင်စိုးဘက်မှ လိုက်ပါဆောင်ရွက်ပေးသော တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်သန်းက သြဂုတ်လ ၂၈ ရက်နေ့က ပြောထားသည်။

ဦးမင်းလွင်စိုးကို တိုင်ကြားခဲ့သော ဦးမျိုးခက်ကို ဆက်သွယ်မေးမြန်းရာတွင် “အဲ့ဒါက ပြောတော့ပြောမယ်။ လောလောဆယ်တော့ သူ့ဥပဒေဘောင်တွင်းကနေပြီးတော့ မပြီးသေးဘူးလေ။ ဒါပေမယ့် အခုတော့ ပြောလို့မရသေးတဲ့ အနေအထားလေးရှိလို့ မပြောသေးတာပါ။ လမ်းဆုံးရင်တော့ ရွာတွေ့မှာပါ” ဟု ၄င်းက ပြောသည်။

လက်ရှိအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်လက်ထက်တွင် အရေးယူရန်ဆုံးဖြတ်သည့် အမှုပေါင်း ၆၃ ခုရှိပြီး အဂတိလိုက်စားကြောင်း သက်သေအထောက်အထားခိုင်မာသည့် အမှု ၃၇ ခုကိုသာ တရားစွဲခဲ့ကြောင်း၊ ယခင်ကော်မရှင်လက်ထက်ကလည်း သက်သေအထောက်အထားခိုင်မာမှသာ တရားစွဲခဲ့ခြင်းဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။

“ဒါက ဘာကို မီးမောင်းထိုးပြသလဲဆိုတော့ စုံစမ်းစစ်ဆေးခဲ့တဲ့အမှုတိုင်းကို တရားစွဲချင်တာမဟုတ်ဘူးဆိုတာ ပြတာပါ။ ကျွန်တော်တို့က စုံစမ်းစစ်ဆေးချက်မှာ ပေါ်ပေါက်မှသာ တရားစွဲတဲ့ပုံစံဆောင်ရွက်တာပါ။ တရား စွဲတယ်ဆိုတာလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ စုံစမ်းစစ်ဆေးတာမှာ စစ်ဆေးပေါ်ပေါက်ချက် အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းမှုရှိတဲ့အတွက်ကြောင့် တရားစွဲတာပါ။ သေချာပြီလား၊ စိတ်ချရပြီလားဆိုတာ ဆုံးဖြတ်ပြီးမှ တရားစွဲတာပါ။ ၆၃ ခုရှိပေမယ့် တကယ်သေချာတဲ့ အမှု ၃၇ ခုလောက်ကိုပဲ တရားစွဲတာပါ။ ကော်မရှင်က သေသေချာချာကို စီစစ်ပြီးမှ တရားစွဲဖို့ လုပ်တာပါ။ ဒါက အဂတိကော်မရှင်သစ် လက်ထက်မှာ ဆောင်ရွက်တာပါ။ ဖြစ်တာတော့ အရင်ကော်မရှင်လက်ထက်ကပေါ့။ အရင်ကော်မရှင်တုန်းက လည်း အဲ့လိုပဲ ဆောင်ရွက်ခဲ့တာပါ” ဟု ၄င်းက ပြောသည်။

ဖြစ်စဉ်မှာ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာနမှ ဌာနမှူး ဦးမင်းလွင်စိုးသည် ဦးမျိုးခက်ထံမှ ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၁၉ ရက်နေ့က ကျပ် ၁၀ သိန်း၊ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ ခုနှစ် မတ်လတွင် ငွေကျပ် သိန်း ၂၀ တို့ကို ရယူခဲ့သည့်အတွက် နိုင်ငံ့ဝန်ထမ်း လုပ်ပိုင်ခွင့်ရှိသူများအနေ ဖြင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုကာ ငွေကြေး ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly