အဂတိဖြင့် အမှုရင်ဆိုင်နေရသော နေပြည်တော်စည်ပင်ဌာနမှူးကို အပြီးသတ်လွှတ်

အဂတိဖြင့် အမှုရင်ဆိုင်နေရသော နေပြည်တော်စည်ပင်ဌာနမှူးကို အပြီးသတ်လွှတ်
(ဓာတ်ပုံ၊ကိုကိုအောင်၊မဇ္ဈိမ)

မန္တလေး၊ သြဂုတ် ၂၈ ။      ။ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စျေးများဌာနမှ ဌာနမှူး ဦးမင်းလွင်စိုးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုစစ်ဆေးပြီးနောက် လိမ်လည်တိုင်ကြားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသည် ဟု ဆိုကာ သြဂုတ် ၂၈ ရက်၊မွန်းလွဲ ၃ နာရီက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှ အပြီးသတ် လွှတ်လိုက်သည်။

"အပြီးပြတ် လွတ်သွားပြီ။ တရားသေ အပြီးပြတ်လွတ်သွားပြီ။ ဘာကြောင့် လွတ်သွားသလဲဆိုရင် ဗီဒီယိုဖိုင်ကို လုပ်ကြံပြီး တင်တယ်။ ဓာတ်ပုံတွေ လုပ်ကြံတင်တယ်။ ဗီဒီယို ဖြတ်ညှပ်ကပ်တင်တာ ပေါ်တယ်။ ပေါ်အောင်လည်း ကျွန်တော်တို့ စစ်ခဲ့တယ်။ အခုလို လိမ်လည်တိုင်ကြားခဲ့အမှုအပေါ် ကျွန်တော်တို့ဘက်က ပြန်ပြီး လုပ်ထုံးလုပ်နည်းတွေနဲ့ တရားစွဲပါမယ်။ အဂတိတိုက်ဖျက်ရေးကော်မရှင်အနေနဲ့လည်း သေချာ စစ်ဆေးဖော်ထုတ်ဖို့ လိုပါတယ်။"ဟု ဦးမင်းလွင်စိုးအမှုအား လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်းက ပြောသည်။

အဆိုပါ အမှုကို ၂၀၁၇ ခုနှစ်၊နိုဝင်ဘာလမှစတင်၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် နှစ်နှစ်ကျော် သည်အထိ စစ်ဆေးခဲ့ပြီး အဂတိမှု မပေါ်ပေါက်၍ ယခုလို အပြီးပြတ်လွှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

"ကျွန်တော့်အနေနဲ့ လက်ရှှိမှာ ဘာမှ မပြောချင်သေးဘူး။ အခုလို လွတ်လာတဲ့အတွက် ဝမ်းသာပါတယ်။"ဟု လွတ်မြောက်လာသူ စည်ပင်ဌာနမှူး ဦးမင်းလွင်စိုးက ပြောသည်။

ဖြစ်စဉ်မှာ ဦးမင်းလွင်စိုးသည် ဦးမျိုးခက်ထံမှ ၂၀၁၇ ခုနှစ်၊သြဂုတ်လ ၁၉ ရက်နေ့က ကျပ် ၁၀ သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ ခုနှစ် မတ်လတွင် ငွေကျပ် သိန်း ၂၀ တို့ကို ရယူခဲ့သည့်အတွက် နိုင်ငံ့ဝန်ထမ်း လုပ်ပိုင်ခွင့်ရှိသူများအနေ ဖြင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုကာ ငွေကြေး ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဘက်သို့ မဇ္ဈိမမှ ထပ်မံမေးမြန်းသွားမှ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly