မြောက်ပိုင်း မဟာမိတ် အဖွဲ့များ ထိုးစစ်ရပ်မည်ဟု ကြေညာ

မြောက်ပိုင်း မဟာမိတ် အဖွဲ့များ ထိုးစစ်ရပ်မည်ဟု ကြေညာ
Photo  - AFP

ရန်ကုန် ၊ စက်တင်ဘာ ၄ ။          ။ ပြည်တွင်းစစ်များ အမြန်ဆုံးချုပ်ငြိမ်းပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန်အတွက် တစ်ဖက်သတ် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ပြုလုပ်မည် မဟုတ်တော့ကြောင်း မြောက်ပိုင်းမဟာမိတ် ပူးပေါင်းအဖွဲ့များက စက်တင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

“ပြည်တွင်းစစ်ရှည်ကြာနေတဲ့ဟာကို ရပ်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ ဆန္ဒကျွန်တော်တို့မှာ ရှိတယ်။ အဲ့အတွက်ကြောင့် ထိုးစစ်ကို ကျွန်တော်တို့ မပြုလုပ်တော့ဘူး။ ကျွန်တော်တို့ဘက်ကို ထိုးစစ်ဆင်လာရင်တော့ ခုခံစစ်တွေကတော့ရှိနေဦးမယ်” ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တွေ့ဆုံခဲ့သည့် ကျိုင်းတုံဆွေးနွေးပွဲအပြီးတွင် မြောက်ပိုင်းအဖွဲ့များဘက်က တိုက်ပွဲများ ရပ်မည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

ကျိုင်းတုံဆွေးနွေးပွဲတွင် ပဏာမ အပစ်ရပ်သဘောတူစာချုပ် Bilateral ရေးထိုးနိုင်ရေး၊ ၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိရန် ဆက်လက်လုပ်ဆောင်သွားနိုင်ရေး စသည့်အချက်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ကျိုင်းတုံဆွေးနွေးပွဲကို အခြေခံပြီး ထိုးစစ်ရပ်မယ်လို့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအကြား စက်တင်ဘာ ၁၆ ၊ ၁၇ ရက်တွင် ပြန်လည်တွေ့ဆုံမည်ဟု ဆုံးဖြတ်ထားသော်လည်း တွေ့ဆုံမည့် နေရာအတိအကျကို ညှိနှိုင်း၍မရသေးပေ။

တပ်မတော်ဘက်မှ စစ်တိုင်း ငါး တိုင်းတွင် အပစ်ရပ်ထားခြင်းကို သက်တမ်းထပ်မံတိုးထားပြီး စက်တင်ဘာ ၂၁ ရက်ထိ ထိုးစစ်များကို ရပ်ဆိုင်းထားမည်ဟု  ကြေညာထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly