လိပ်ကျွန်းလူသတ်မှု မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ နောက်ဆုံးအယူခံရှုံးနိမ့်

လိပ်ကျွန်းလူသတ်မှု မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ နောက်ဆုံးအယူခံရှုံးနိမ့်
Photo - EPA

ရန်ကုန်၊ သြဂုတ် ၂၉ ။          ။ လိပ်ကျွန်းတွင် ဗြိတိန်လူမျိုး ကမ္ဘာလှည့်ခရီးသည်နှစ်ဦးအားသတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသော မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ နောက်ဆုံးအယူခံအမိန့်ကို ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးချုပ်မှ ပယ်ချလိုက်သည်။

၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ရက်တွင် တရားမျှတရေးဌာနရှိ ပြစ်မှုဆိုင်ရာတရားရုံး၌ ဗွီဒီယိုကွန်ဖရင့်ခေါ်ဆိုကာ ချမှတ်ခဲ့သည့် အဆိုပါ အမိန့်ကို နွန်ထဘူရီခရိုင် အကျဉ်းထောင်အတွင်းမှ ဝင်းနှင့် ဇော်တို့နှစ်ဦးသည်လည်း နာကြားခဲ့ရသည်ဟု သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ နောက်ဆုံးအယူခံနှင့် ပတ်သက်၍ ရှုံးနိမ့်ခဲ့ပြီဖြစ်ကြောင်း မြန်မာအလုပ်သမားများ အရေးလှုပ်ရှားသူ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဦးထူးချစ်က သူ့၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။

ဝင်းနှင့် ဇော်၏ အကျိုးဆောင်ရှေ့နေများဖြစ်ကြသည့် ထိုင်းနိုင်ငံရှေ့နေကောင်စီမှ စာမျက်နှာ ၃၀၀ ကျော် ပါသော နောက်ဆုံးအယူ ခံကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်က ထိုင်းနိုင်ငံ ကော့စမွီတရားရုံးသို့ တင်သွင်း ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးသို့တင်ပြခဲ့သည့် လိပ်ကျွန်းအမှုအတွက်ဝင်ခဲ့သောအယူခံရှုံးသောကြောင့် ဝင်းနှင့် ဇော်တို့အတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ရန်သာကျန်ရှိတော့သည်။

အဆိုပါ ဝင်းနှင့် ဇော် တို့တရားရုံး၏နောက်ဆုံး အယူခံအမိန့်ကိုစောင့်နေစဉ် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၇ ရက်၌ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်၏ ညွှန်ကြားမှုဖြင့် ဘန်ခဝင် အကျဉ်းထောင်သို့ ရှေ့နေများမှ သွားရောက် တွေ့ဆုံခဲ့ကြသေးသည်။

မြန်မာရွေ့ပြောင်းလုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲကို သတ်မှု၊ ပစ္စည်းလုယက်မှု၊ အဓမ္မကျင့်မှုတို့အပါအဝင် အမှု ၇ မှုဖြင့် ကော့စမွီခရိုင် တရားရုံးက ၂၀၁၅ခုနှစ်  ဒီဇင်ဘာလ ၂၄ရက်တွင်သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမိန့်ကို အယူခံတက်သော်လည်း မူလတရားရုံး၏ သေဒဏ်အမိန့်ကိုသာ ဆက်လက်အတည်ပြုခဲ့သောကြောင့် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရား ရုံးချုပ်တွင် ၂၀၁၈ ခုနှစ်က နောက်ဆုံး အယူခံကို တင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သေဆုံးခဲ့ရသည့် မစ္စတာဒေးဗစ် မီလော်နှင့် မစ်စ်ဟာနာ ဗစ်တိုရီယာ တို့အတွက် မှန်ကန်သည့် လူသတ်တရားခံကို ဖေါ်ထုတ်ပေးရန် အခွင့်အရေးရှိသကဲ့သို့ ပြစ်မှုကျူးလွန်ကြောင်း မျက်မြင်သက်သေလည်း မရှိ၊ ခိုင်လုံသော အထောက် အထားလည်းမရှိကြသော ဝင်းနှင့် ဇော်တို့သည် သေဒဏ်မှ တရားသေလွတ်ရန်သာရှိသည်။

ထို့ကြောင့် ဝင်းဇော်ထွန်းနှင့် ဇော်လင်း တို့နှစ်ဦးသည် တရားရုံးချုပ်မှ ပြန်ကျလာမည့် နောက်ဆုံးအယူခံလွှာ၏ ဆုံးဖြတ် ချက်ကို ဘန်ကောက်ထောင်တွင် အကျဉ်းကျလျက် စောင့်ဆိုင်း နေခဲ့ရခြင်းဖြစ်သည်။

လိပ်ကျွန်းမှုနှင့်အလားတူ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ အထက်တန်း ကျောင်းသူတစ်ဦး အသတ်ခံရမှု အတွက် ထောင်ဒဏ် ချမှတ်ခံရသည့် မြန်မာလူငယ်နှစ်ဦးသည်လည်း အယူခံအနိုင်ရ၍ ၂၀၁၉ ခုနှစ် ဇွန် ၂၇ ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly