မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် အစိုးရကိုယ်စားလှယ်များ ကျိုင်းတုံတွင် တွေ့မည်

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် အစိုးရကိုယ်စားလှယ်များ ကျိုင်းတုံတွင် တွေ့မည်
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ UWSA, KIA, AA, TNLA, MNDAA, NDAA, SSPP/SSA တို့ဟာ ၂၁ရာစု ပင်လုံညီလာခံတက်ရန် မေ ၂၃ရက်က နေပြည်တော်သို့ လာရောက်စဉ်။ ဓာတ်ပုံ -U Zaw Htay facebook)

ရန်ကုန်၊ သြဂုတ် ၂၉ ။        ။ အပစ်အခတ်ရပ်စဲရေးကိစ္စ ထည့်သွင်းဆွေးနွေးဖွယ်ရှိသည့်ဆွေးနွေးပွဲတစ်ခုကို လာမည့် သြဂုတ် ၃၁ ရက်နေ့ တွင် ကျိုင်းတုံ၌ ပြုလုပ်သွားရန်ရှိကြောင်းသိရသည်။

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်ကြသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA)၊ တအာင်း/ ပလောင် လွတ်မြောက် ရေးအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်တပ် (AA) တို့သည် အစိုးရ၏ ဖိတ်ကြားချက်အရ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် အလွတ်သဘောတွေ့ဆုံကြမည်ဖြစ်သည်။

အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ KIA မှ ဗိုလ်ချုပ်ဂွမ်မော်က “ကောင်းမွန်သောရွေးချယ်မှုရရှိနိုင်ရန် ဆွေးနွေး ဘက်များအားလုံးအတွက် ဆုတောင်းခြင်းအားဖြင့်ကူညီကြစေလိုပါသည်” ဟု၎င်း၏ လူမှုကွန်ယက်တွင် ရေးသားမျှဝေခဲ့သည်။

အပစ်ခတ်ရပ်စဲရေး Bilateral သဘောတူညီချက်ရရှိရေးအတွက် အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်က မူဆယ် မြို့၌ နောက်ဆုံးတွေ့ဆုံခဲ့ကြပြီး ဆက်လက်ညှိနှိုင်းရန် သဘောတူညီခဲ့ကြသည်။ သို့သော်ဆွေးနွေးပွဲကျင်းပမည့်နေရာ ညှိနှိုင်းမရခြင်းကြောင့် သြဂုတ် ၂၉ ရက် အထိ ကြန့်ကြာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စအတွက် အစိုးရဘက်မှ သင့်လျှော်ပြီး တိုင်းရင်းသားလက်နက်ကိုင်များအတွက်လုံခြုံမှုရှိသည့် နေရာအားအကြောင်းကြားလာပါ တရားဝင်တွေ့ဆုံဆွေးနွေးသွားရန်သဘောထားရှိကြောင်းလည်း TNLA မှ ဗိုလ်မှူးတာအိုက်ကျော်က မဇ္စျိသို့ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) သည် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ထံသို့ သြဂုတ် ၃၁ရက်တွင် အလွတ် သဘောတွေ့ဆုံဆွေးနွေးရန် သြဂုတ် ၂၈ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်းလည်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့ကလည်း တရုတ်နိုင်ငံတွင်၊ တရုတ် နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ အာရှရေးရာ တာဝန်ခံ မစ္စတာဆွန်ကော့ရှန်နှင့်လည်း တွေ့ဆုံခဲ့ကြသေးသည်။
အဆိုပါတွေ့ဆုံမှုတွင် ရှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွားနေသောတိုက်ပွဲများအားလျော့ချရန် တရုတ်ဘက်မှနေ၍ တိုက်တွန်းပြောဆိုခဲ့ကြောင်း လည်းသိရ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly