စည်းလုံးမှု ရည်မှန်းကာ အစ္စလာမ် ဘာသာရေးအဖွဲ့များသို့ တပ်ချုပ် လှူဒါန်းမှုလုပ်

စည်းလုံးမှု ရည်မှန်းကာ အစ္စလာမ် ဘာသာရေးအဖွဲ့များသို့ တပ်ချုပ် လှူဒါန်းမှုလုပ်
   (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

နေပြည်တော်(ဩဂုတ်လ ၂၆ရက်၊ ၂၀၁၉ခုနှစ်)။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယမန်နေ့က အစ္စလာမ်ဘာဘာရေးအသင်းအဖွဲ့များသို့ လှူဒါန်းမှုသည် မြန်မာနိုင်ငံတွင် အထူးလိုအပ်နေသည့် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာ စည်းလုံးညီညွတ်မှုအပေါ် အခြေခံကာ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောကြားလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပျဉ်းမနားမြို့ရှိ ဦးကျေး ဂျာမေဗလီသို့ ဩဂုတ်လ ၂၅ရက်က သွားရောက်၍ အာရဗီ အထက်တန်းကျောင်းနှင့် ဗလီ ၁၃ခုအတွက် ဆန် ၆ဝအိတ်၊ ဆီ ၃ဝပိဿာ၊ ဆား ၃အိတ်၊ ပဲ ၅အိတ်နှင့် အလှူငွေကျပ် သိန်း ၃ဝတို့အား လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံသားတွေထဲမှာ ပါကြတဲ့ အစ္စလာမ်ဘာသာဝင်များအနေနဲ့လည်း မိမိတို့ရဲ့ ကောင်းမှုကုသိုလ်တွေကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ဖို့အတွက်ကို တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုဝင်များနဲ့ အလှူရှင်တွေက စုပေါင်းပြီးတော့ လာရောက် အလှူဒါနပြုခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါ လှူဒါန်းပွဲတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ လူဦးရေ ၅၄သန်းအနက် ငါးရာခိုင်နှုန်းခန့်သည် အစ္စလာမ်ဘာသာဝင်များဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်သည့် နိုင်ငံဖြစ်သော်လည်း အခြား ကိုးကွယ်ရာဘာသာများကို ဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြောင်းနှင့် ယနေ့ လှူဒါန်းမှုများသည် အစ္စလာမ်ဘာသာရေးဆိုင်ရာကိစ္စများတွင် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဗို်လ်ချုပ်မှူးကြီးက ထည့်သွင်းပြောဆိုသွားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆိုပါ လှူဒါန်းမှုအတွက် ဦးကျေး အာရဗီအထက်တန်းကျောင်းမှ အစ္စလာမ်ဘာသာဝင် ဦးထွန်းမြင့်က “ဒီလို လာရောက် လှူဒါန်းလိမ့်မယ်ဆိုတာ ဘယ်တုန်းကမှ မမျှော်လင့်မိခဲ့ပါဘူးခင်ဗျာ။ ယခုလို မြင်ကွင်းမျိုးဟာ ကျွန်တော့ဘဝ တစ်သက်တာမှာ ပထမဦးဆုံး မြင်ကွင်းဖြစ်လို့ ကျွန်တော့ရင်ထဲမှာ အတိုင်းမသိ ပျော်ရွှင်၊ ဝမ်းသာမိပါတယ်” ဟု ကျေးဇူးတင်စကား ဆိုသည်။

အဆိုပါ လှူဒါန်းမှုနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျွန်တော်တို့ နိုင်ငံမှာက အခု အခြေအနေမှာ စည်းလုံး၊ ညီညွတ်မှုကို အဓိက လိုအပ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ စည်းလုံးညီညွတ်မှု၊ လူမှုရေးဆိုင်ရာ စည်းလုံးညီညွတ်မှု၊ ဘာသာရေးဆိုင်ရာ စည်းလုံးညီညွတ်မှု၊ အထူးလိုအပ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ အဲ့လို အခြေအနေမျိုးမှာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းကို လုပ်ဆောင်ခြင်းလို့ပဲ ပြောလိုပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

တပ်မတော်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်ကလည်း အစ္စလာမ်ဘာသာဝင်များ၏ ဘိုးဘွားရိပ်သာများကို တပ်မတော်ခေါင်းဆောင်များက သွားရောက်လှူဒါန်းသည့် အစဉ်အလာရှိ်ခဲ့ဖူးကြောင်း၊ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ရံဖန်ရံခါ လှူဒါန်းခဲ့ဖူးကြောင်းနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် ယခု လှူဒါန်းမှုအပေါ်ကိုလည်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးက ကြိုဆိုလိုက်သည်။

“ဒီခေတ်မှာတော့ ပထမဦးဆုံးအကြိမ် လက်တွေ့ကျကျလေး မြန်မာမွတ်ဆလင် အသိုင်းအဝိုင်းကို သွားပြီးတော့ ဒီလို လှူဒါန်းမှုသွားလုပ်တာကို တွေ့ရတဲ့အတွက်ကြောင့် ကျွန်တော် ကြိုဆိုပါတယ်” ဟု အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဟာဂျီ ဦးအေးလွင်က မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ၂၀၁ရခုနှစ်၊ ဩဂုတ်လကုန်ပိုင်းက ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်စဉ်ကလည်း ရခိုင်တိုင်းရင်းသားများအပြင် မွတ်ဆလင် အသိုင်းအဝိုင်းကိုပါ ကူညီ၊ ထောက်ပံ့မှုများ ပေးအပ်ခဲ့ဖူးကြောင်းနှင့် တပ်မတော်၏ နယ်လှည့်ဆေးကုသရေး လုပ်ဆောင်ချိန်တွင်လည်း တိုင်းရင်းသားများသာမက အစ္စလာမ်ဘာသာဝင်များကိုပါ ကုသပေးခဲ့ကြောင်း ရှင်းပြသည်။

အခြားတစ်ဖက်တွင်လည်း ကုလအပါအဝင် နိုင်ငံတစ်ကာအဖွဲ့အစည်းများက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပဋိပက္ခများကို ရည်ညွှန်းကာ မြန်မာ့တပ်မတော်အနေဖြင့် ဘာသာရေး၊ လူမျိုးရေး ခွဲခြားဖိနှိပ်မှုများရှိကြောင်း စွပ်စွဲပြောဆိုထားသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ဟာဂျီ ဦးအေးလွင်က “ဘာသာတရားတိုင်းက ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားကို လွှမ်းခြုံပါတယ်။ ခွင့်လွတ်၊ သည်းခံမှုနဲ့ ငြိမ်းချမ်းရေးကိုပဲ တည်ဆောက်ဖို့ ဆိုတာလေးကိုပဲ ကျွန်တော်ပြောချင်ပါတယ်” ဟု သတင်းစကားပါးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များအပြင် ပျဉ်းမနားမြို့ရှိ စိန့်မိုင်ကယ် ကက်သလစ်ဘုရားကျောင်းသို့ သွားရောက်ကာ ခရစ်ယာန်ဘာသာကျောင်း ၁၁ကျောင်းအတွက် လှူဒါန်းမှုများလည်း ပြုလုပ်ခဲ့သေးသည်။

အဆိုပါ လှူဒါန်းပွဲများသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဇနီး၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီးနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required