ကျောကုန်းကျည်ဆံထိမှန်ခဲ့ရသည့် ထွန်းရဝေ ကျေးရွာသူ အခြေအနေစိုးရိမ်ရသေး

ကျောကုန်းကျည်ဆံထိမှန်ခဲ့ရသည့် ထွန်းရဝေ ကျေးရွာသူ အခြေအနေစိုးရိမ်ရသေး
Photo - EPA

ရန်ကုန်၊ သြဂုတ် ၂၆ ။           ။ တပ်မတော်နှင့် AA တို့တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့်ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၂၃ ရက်နေ့က ယာဘက်ကျောကုန်းကျည်ဆံထိမှန်ခဲ့သော မခင်ဝင်းရွှေ၏ အခြေအနေမှာ စိုးရိမ်နေရဆဲဖြစ်ကြောင်း သူ့အမျိုးသားဖြစ်သည့် ကိုပေါက်စကမဇ္စျိမသို့ပြောသည်။

မခင်ဝင်းရွှေသည် ကျည်ဆန်ထိမှန်မှုကြောင့် ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမရဖြစ်နေခဲ့ပြီး ခွဲစိတ်ကုသရန် အတွက် စစ်တွေဆေးရုံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သြဂုတ်လ ၂၄ ရက်နေ့ညပိုင်းတွင် ရောက်ရှိလာ ခဲ့ခြင်းဖြစ်သည်။

“ လူနာအခြေအနေတော့ နည်းနည်းစိုးရိမ်ရပါတယ်။ ရက်ချိန်းထား တာပေါ့။ သူတို့ခွဲထုတ်ပေးဖို့ အင်္ဂါနေ့ကို ချိန်းထားပါတယ်” ဟု မခင်ဝင်းရွှေ၏ အမျိုးသားဖြစ်သော ကိုပေါက်စ က ပြောသည်။

သြဂုတ် ၂၃ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာလမ်းမတွင် မိုင်းပေါက်ကွဲသောကြောင့် ရွာသားများ ထွက်ပြေးစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထွန်းရဝေကျေးရွာသူ မခင်ဝင်းရွှေ၏ ယာဘက်ကျောကုန်းကို ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထိခိုက်ဒဏ်ရာအတွက် မည်သူ့လက်ချက်ဆိုသည်ကိုမူ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် စွပ်စွဲနေကြဆဲ ဖြစ်သည်။
 

“ဘာမှမသိတဲ့သူတွေကို စိတ်မကောင်းဘူးပေါ့။ အဲဒါ တစ်ခုပဲသိတယ်။ အဲ့ဒါလေးပါပဲ။ သူတို့ကိုလည်း ဘာဒေါသမှ မရှိပါဘူး။ ကိုယ်တွေကမဆိုင်တဲ့သူတွေဆိုတော့လေ။ အဲ့တာတစ်ခုပဲသိတယ်”ဟု မခင်ဝင်းရွှေက ဆိုသည်။
မခင်ဝင်းရွှေသည် ရသေ့တောင်မြို့နယ်မှ ဒေသခံရခိုင်အမျိုးသမီးတစ်ဦးဖြစ်ပြီး သမီးတစ်ယောက်၏ မိခင်လည်းဖြစ်သည်။ လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် သေဆုံးခဲ့ရသည့် အရပ်သားဦးရေ ၈၀ အောက်အထိရှိလာပြီး ဒဏ်ရာရရှိ သူလူဦးရေမှာ ၁၀၀ ကျော်လာပါပြီလည်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဆယ်တန်းကျောင်းသူအပါအဝင် ကလေးငယ် နှစ်ဦး နေအိမ်မှာပင် သေဆုံး ခဲ့ရပြီး လူ ၇ ဦး ဒဏ်ရာရခဲ့သည်။

တပ်မတော်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားနေမှုသည် ၈ လ ခန့် ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်ထဲတွင် စစ်ဘေးရှောင်ဦးရေခြောက်သောင်းကျော်ခန့်ရှိကာ နေအိမ်များကို စွန့်ခွာ၍ စစ်ဘေး ရှောင်စခန်းများနှင့် နီးစပ်ရာနေရာများတွင်ပုန်းရှောင်နေရဆဲဖြစ်သည်။

    
    
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly