စည်သွပ်ဘူးပိတ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား

စည်သွပ်ဘူးပိတ်အစားအစာတွေက ကျန်းမာရေးအတွက် ကောင်းလား၊ ဆိုးလား

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မြန်မာလူမျိုးအများစုအတွက် စည်သွပ်ဘူးပိတ် အစားအစာဆိုတာ ရင်းနှီးပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ဟုတ်ကဲ့၊ ချက်ထားပြီးသား အသား၊ ငါးမျိုးစုံ၊ ဒါမှမဟုတ် ပဲအမျိုးမျိုးကို ပြုတ်ပြီးတော့ဖြစ်ဖြစ် စည်သွပ်ဘူးထဲ ထည့်ပိတ်ကာ တာရှည်ခံအစားအစာအဖြစ် အချိန်အကြာကြီးသိုလှောင်ပြီး စားသုံးလို့ရအောင် ပြုပြင်ထားတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ အဲ့တော့ တာရှည်ခံအောင် လုပ်ထားတဲ့အစားအစာတွေက ကျန်းမာရေးနဲ့ ထိခိုက်စေတယ်ဆိုတော့ စည်သွပ်ဘူးပိတ်အစားအစာတွေကရော ကျန်းမာရေးကို ထိခိုက်စေနိုင်လားဆိုတာ ကြည့်လိုက်ကြရအောင်လား။

စည်သွပ်ဘူးပိတ်အစားအစာတွေဆိုတာ
အစားအစာတွေကို ချက်ပြုတ်ပြီးတဲ့အခါ လေအလုံပိတ် အလူမီနီယမ်သတ္တုဘူးထဲ ထည့်ပြီး ကြာရှည်ခံစေဖို့ အနည်းငယ်ပြုပြင်ရပါတယ်။ ၁၈ ရာစုအစပိုင်းမှာ စတင်ပေါ်ပေါက်လာပြီး ခုခေတ်မှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရော၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ လူတော်တော်များများက စားသုံးလျက်ရှိိပါတယ်။ အဓိကကတော့ လတ်လတ်ဆတ်ဆတ် စားစရာတွေဟာ သိပ်ပြီး ကြာရှည်မခံဘဲ ပျက်စီးပုပ်သိုးလွယ်တာကြောင့် စည်သွပ်ဘူးထဲ အလုံပိတ်ကာ လေဘေး၊ မီးဘေးကာလ၊ ပင်လယ်၊ လေထဲ ရက်ပေါင်းများစွာ ခရီးထွက်နေရတဲ့အခါ လွယ်ကူအဆင်ပြေစေပါတယ်။

အရင်ဆုံး စားစရာကို လိုသလို လှီးစိတ်ကာ စည်သွပ်ဘူးထဲ ထည့်ပါတယ်။ ပြီးသွားတော့မှ စည်သွပ်ဘူးထဲ ပိတ်ပြီး အပူပေးကာ မကောင်းတဲ့ဘက်တီးရီးယားပိုးတွေကို သတ်ပစ်ပြီး မပုပ်သိုးသွားစေဖို့ ပြုလုပ်ရပါတယ်။ စည်သွပ်ဘူးတွေဟာ ရေခဲသေတ္တာထဲ မထည့်ဘဲ အပြင်အခန်းအပူချိန်မှာ ထားထားရင်တောင် အနည်းဆုံး ၁ နှစ်မှ အများဆုံး ၅နှစ်အထိ မပျက်စီးဘဲ သိမ်းဆည်းထားနိုင်ပါတယ်။ အများစုကတော့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ချက်ပြီးသားအသားဟင်းတွေ၊ ပဲအမျိုးမျိုး၊ စွပ်ပြုုတ်၊ အသား၊ ပင်လယ်စာတွေကို ထုပ်ပိုးသိမ်းဆည်းတတ်ကြပါတယ်။

အာဟာရတန်ဖိုးပြောင်းလဲမှုရှိသလား။
စည်သွပ်ဘူးထဲ အလုံပိတ်ထားတဲ့အခါ ပရိုတင်းဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စတဲ့ အာဟာရတန်ဖိုးဟာ လျော့နည်းသွားခြင်းမရှိပါဘူး။ ဗီတာမင် ဘီ နဲ့ ဗီတာမင် စီလိုမျိုး ရေမှာပျော်ဝင်နိုင်တဲ့ အာဟာရဓာတ််တွေကတော့ ပြင်းထန်စွာ အပူပေးလိုက်တဲ့အခါ အနည်းငယ်လျော့သွားနိုင်ပါတယ်။ ဒီတော့ အာဟာရတန်ဖိုးဟာ ပြောင်းတာလည်း ရှိသလို မပြောင်းလဲဘဲ နဂိုအတိုင်း ရှိနေတာမျိုးလည်း ရှိနိုင်ပါတယ်။

လူတွေက ဘာကြောင့် စည်သွပ်ဘူးပိတ်အစားအစာတွေကို စားသုံးမှုများလာကြတာလဲ။
၁။ လတ်လတ်ဆတ်ဆတ် အစားအစာတွေလိုမျိုး အချိန်ကုန်ခံ ချက်ပြုတ်စရာမလိုဘဲ မိနစ်အနည်းငယ်ပေးပြီး အပူပေးရုံနဲ့ နဂိုအရသာအတိုင်း စားသုံးနိုင်ပါတယ်။

၂။ စျေးလဲသက်သာတယ်။ အခြေခံလူတန်းစားအများစုအတွက် တတ်နိုင်တဲ့ ငွေကြေးပမာဏဖြစ်တယ်။

၃။ ရေခဲသေတ္တာတင်မကဘဲ အခန်းအပူချိန်မှာ သိမ်းဆည်းထားနိုင်တယ်။

၄။ အချိန်ကြာကြာ သိမ်းဆည်းထားလို့ရတဲ့အတွက် အခုလို ရေဘေးသင့်ကာလတွေ၊ မုန်တိုင်းဒဏ်သင့်ကာလတွေမှာ လိုရမယ်ရ အိမ်မှာ ရိက္ခာသဘောအနေနဲ့ ဆောင်ထားလို့ရတယ်။

ကျန်းမာရေးအတွက် မကောင်းတဲ့ အချက်တွေက ဘာတွေလဲ။
၁။ ကြာရှည်ခံအောင် ဓာတုဗေဒနည်းစနစ်နဲ့ ပြုပြင်ထားတဲ့အစားအစာဖြစ်တာကြောင့် ရေရှည်စားမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်။

၂။ အရသာထူးကဲစေဖို့ ဆား၊ သကြား၊ အချိုမှုန့်ပမာဏကို လိုအပ်သည်ထက် ပိုသုံးထားတတ်တယ်။

၃။ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေ ပါလာနိုင်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တယ်။

၄။ ကျန်းမာရေးမကောင်းတဲ့သူတွေဆိုရင် အာဟာရဓာတ်ပိုမိုလိုအပ်တာကြောင့် စည်သွပ်ဘူးပိတ် အစားအစာတွေကို မစားသုံးသင့်ပါဘူး။

ဒါကြောင့် တတ်နိုင်ရင်တော့ အစားအစာတွေကို ကိုယ်တိုင်ဝယ်ယူချက်ပြုတ်ပြင်ဆင်ပြီး စားပေးပါ။ စည်သွပ်ဘူးပိတ်အစားအစာတွေကို တစ်ခါတလေမှပဲ စားပါ။ အခုလို မိုးဘေး၊ လေဘေးရာသီမျိုးမှာ အိမ်မှာ စည်သွပ်ဘူးအနည်းငယ် ဝယ်ပြီး ဆောင်ထားမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ အဆင်ပြေတယ်ဆိုတိုင်း အလွယ်လမ်းကိုပဲ လိုက်မယ်ဆိုရင်တော့ အရင်ဆုံးထိခိုက်မှာ ကိုယ့်ရဲ့ကျန်းမာရေးပဲဆိုတာ ဂရုပြုဆင်ခြင်ဖို့ တိုက်တွန်းရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly