လားရှိုး-သိန္နီကြား ရေပူဂိတ်စခန်း တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်တစ်ဦး သေဆုံး

လားရှိုး-သိန္နီကြား ရေပူဂိတ်စခန်း တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်တစ်ဦး သေဆုံး
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA တပ်သားများကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ-Ye Aung Thu / AFP

ရန်ကုန် ၊ သြဂုတ် ၂၄ ။         ။ လားရှိုးနှင့် သိန္နီအကြားရှိ ရေပူဂိတ်စခန်းအား သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားပြီး ပြည်သူ့စစ်တစ်ဦး သေဆုံးသွားခဲ့သည်ဟု သိန္နီမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်းက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“ပိန်းဆာပြည်သူ့စစ်အဖွဲ့က တစ်ဦး သေသွားတယ်လို့ သတင်းကြားတယ်။ အဝေးက လက်နက်ကြီးနဲ့ ပစ်တာပေါ့နော်။ ရေပူဂိတ်စခန်းကို ပစ်တာပါ” ဟု ၎င်းက ဆိုသည်။

သြဂုတ် ၂၄ ရက်နေ့ နံနက် ၃ နာရီခွဲက စတင်ပြီး ရေပူဂိတ်စခန်းကို မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် ရေပူဂိတ်စခန်းကို ပိတ်ထားခဲ့ပြီး ကားသွားလာမှုများ ရပ်ဆိုင်းထားခဲ့ရသော်လည်း  နံနက် ကိုးနာရီခန့်မှ စတင်ကာ မူလအတိုင်း ပြန်လည်ဖွင့်ပေးခဲ့သည်။

“အခုတော့ ကားတွေသွားနေကြတယ်။ပုံမှန်အတိုင်းပါပဲ” ဟု သိန္နီမြို့ အနှိုင်းမဲ့ကုသိုလ် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သြဂုတ် ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့( TNLA၊ AA၊ MNDAA ) တို့မှ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြို့သို့ အထွက် ပြင်ဦးလွင် တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့ အထွက် နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်တစ်ခုတို့ တိုက်ခိုက်ခံခဲ့ပြီးနောက် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာနေခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များရှိရာနယ်မြေများသို့ တပ်မတော်ဘက်မှ ထိုးစစ်များ ဆက်တိုက်ပြုလုပ်လာ၍ တန်ပြန်တိုက်ခိုက်ရခြင်းဟုလည်း TNLA၊ AA၊ MNDAA တို့ဘက်မှပြောဆိုထားသည်။

သြဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းကလည်း ရှမ်းပြည်မြောက်ပိုင်း လားရှိုး ၊ ကွတ်ခိုင် ၊ သိန္နီ မြို့ အနီး ပြည်ထောင်စု လမ်းမကြီး ပေါ်၌ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တံတားအချို့လည်းမိုင်းခွဲဖျက်ဆီးခံထားရပြီး အရပ်သား များလည်း ထိခိုက်သေဆုံးမှုများရှိနေခဲ့ကာ စစ်ဘေးတိမ်းရှောင်နေရသည့် သူများလည်း ထောင်ချီရှိနေခဲ့သည်။

တိုက်ပွဲများကြောင့် မန္တလေး - မူဆယ် ပြည်ထောင်စုကားလမ်းမကြီးတွင် ယာဉ်အသွားအလာ ပြတ်တောက်ခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကိစ္စများကို နှောင့်နှေးစေခဲ့သည်။

လက်ရှိတွင် ပျက်စီးနေခဲ့သည့် လမ်းတံတားများကို အစိုးရမှ ရက်ပိုင်းအတွင်း ယာယီဘေလီတံတားများထိုးကာ လမ်းပန်းဆက်သွယ်ရေးကို ကောင်းမွန်အောင် ဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly